Sunday, April 3, 2011

ရွှေလက်တွဲလို့မြဲပါစေ...




ချစ်ခြင်းတွေတည်မြဲဖို့ခက်လာတဲ့ လောကကြီးမှာ တစ်ယောက်နဲ့တစ်ယောက် နှစ်ဘ၀ကိုတစ်ဘ၀တည်းပေါင်းစည်းတဲ့ သတင်းလေးက ကျနော့်အတွက်တော့ သတင်းကောင်းလေးပါ ။ မလေးအိမ့် ရေးတဲ့ ပို့စ်တစ်ပုဒ်တည်းက စာသားလေးယူသုံးရရင် “ ချစ်သူတို့ရဲ့ ပန်းတိုင်ဟာ လက်ထပ်ခြင်း” ဆိုရင်တော့ ကျနော်ခင်တဲ့ အစ်ကိုက ပန်းတိုင်ကို ချောချောမွေ့မွေ့နဲ့ ကြည်နူးစရာ အပြုံးတွေနဲ့ ကျနော်တို့ကို လှမ်းပြုံးပြနေသလိုပါပဲ ။



မနက်ဖြန်ဆိုတာရှိနေသ၍ ငါကတော့ ငါ့အိပ်မက်ကို ဖက်တွယ်ထားမှာဘဲ ဆိုတဲ့ စကားလုံးအပြင်းစားတွေနဲ့ ကျနော်တို့ရင်ဘတ်ထဲ တည့်တည့်ပစ်ခွင်းခဲ့သူ ကျနော်ကတော့ သူ့ကိုခေါ်တာ ကိုနက် ဘလော့နာမည်က Black Dream ။ ဒီနေ့ သူအိုတဲ့နေ့ ( အမှန်ကတော့ အိုနေတာ နည်းနည်းကြာပြီထင်တယ်းP) တနည်း ဒီနေ့ သူ့ဘ၀ရဲ့ အမှတ်တရနေ့တွေထဲက တစ်နေ့ပေါ့ ။ သူက အနက်ရောင်ကို ရူးရူးမူးမူးစွဲလမ်းတယ် တစ်ခါခါ သူနဲ့ ငြင်းတယ် သူက ရင့်ကျက်တည်ငြိမ်ပြီး သည်းခံတတ်တယ် စိတ်ဆိုးနေရင်တောင် ညီလေး ဆိုတဲ့ အခေါ်ဝေါ်ကနေ မင်းလို့ပြောင်းမပြောတတ်တဲ့သူ သူနဲ့ ကျနော် ခပ်စိမ်းစိမ်း နေတတ်ကြပေမယ့် တစ်ခြားညီတွေလောက် ရင်းရင်းနှီးနှီးမပြောဖြစ်ပေမယ့် တစ်ယောက်ကိုတစ်ယောက်တော့ စိတ်ထဲက ညီအစ်ကိုလိုခင်မင်ကြပါတယ် ။ ( ခုတော့မဟုတ်တော့ဘူး ထင်တာပဲ သူပြောတဲ့ ညီတွေထဲ ကျနော့် နာမည်ပြုတ်ပြုတ်ကျန်ခဲ့လို့ သိပ်တော့မကျေနပ်ပါ )။

သူရေးတဲ့ အက်ဆေးတွေထဲက သူမ ဆိုတာ ဒီနေ့တော့ သူ့ဘေးမှာ ပါရမီဖြည့်ဖက်အနေနဲ့ လှလှပပလေးဝင့်ကြွားနေတဲ့ အစ်မကလည်း ချစ်စရာ ။ကြည်နူးစရာ မင်္ဂလာပွဲလေးအတွက် မင်္ဂလာလက်ဖွဲ့လို့လည်း မဆိုသာပါဘူးလေ ဘာကြောင့်ဆို ကျနော်ရေးတဲ့ ဒီပို့စ်က မင်္ဂလာလက်ဖွဲ့အနေနေနဲ့တွက်ရင် ဆီးထုတ် တစ်ထုတ်တောင်ရချင်မှရမှာ ကျနော်ကတော့ လက်ဆောင်လေးလို့ဆိုချင်ပါတယ် သူတို့ ဒီပို့စ်လေးဖတ်ပြီး အပြုံးလေးတစ်ချက် ချွေခဲ့ရင်ဖြစ်ဖြစ် ကျေနပ်ပါပြီ ။ ကျနော်ကတော့ ဒီဘလော့လေးရေးဖြစ်နေတိုင်း ဘလော့လေးနဲ့ အကြာကြီးဝေးသွားခဲ့ရင်တောင် ဘလော့လေးပြန်ဖွင့်ဖြစ်တဲ့အချိန်ကျ စာဟောင်းတွေပြန်မွှေရင်း ဒီပို့်စ်လေးဖတ်ပြီး ပျော်ရွှင်မိမှာအမှန်ပါ ။


တစ်ယောက်နဲ့ တစ်ယောက် မမြင်ဖူးမဆုံဖူးကြပေမယ့် နှစ်တွေတော်တော်ကြာ အဆက်သွယ်မပြတ်ရှိနေသေးတာ နောင်များလည်း သူတို့သတင်းလေးတွေ နားစွန်းနားဖျားကြားမိရင်ဖြစ် ကိုနက်တစ်ယောက်တော့ ခု ခလေး ၃ ယောက်အဖေဖြစ်နေပြီဆိုတဲ့သတင်းမျိုး ခေါင်းတွေဖြူ သွားတွေကျိုးလို့ မြေးတွေနဲ့ အပြိုင် စိတ်ကောက်နေမယ့် သတင်းမျိုးတွေလည်း ကြားချင်ကြားရနိုင်တာပဲ ။စကားတွေ အများကြီးဆိုချင်ပါသေးတယ် စကားတွေဟာ လေပေါ်မှာ အရာမထင်တဲ့စကားမျိုး ကီးဘုတ်ပေါ်မှာ ရိုက်ချလိုက်တဲ့ စာလုံးလေးတွေအဖြစ်နဲ့ပဲပေါ်နေမှာမို့ ပြောမနေတော့ပါဘူးလေ အစ်ကိုနဲ့ အစ်ကို့ရဲ့ချစ်ဇနီးတို့ မင်္ဂလာနေ့ရက်မှာ ရွှေလက်တွဲလို့ မြဲနိုင်ပါစေဗျာ ။

ဒီနေ့
အနက်ရောင်ကောင်းကင်ကြီးရဲ့ရင်ခွင်ထဲ
ကြယ်ဖြူလေးတစ်ပွင့်ခိုနားတဲ့နေ့

ဒီနေ့
ပန်တိုင်တစ်ခုမှာ ဆီးကြိုနေတဲ့သူနဲ့
အကြိုခံရတဲ့သူနှစ်ဦး
ပြုံးပျော်ကြည်နူးတဲ့နေ့

ဒီနေ့
တစ်ယောက်လက်တစ်ယောက်
မြဲမြဲတွဲလို့ အသံတိတ်ရင်တွင်းစကားတွေနဲ့
ထာဝရမခွဲဘူးဆိုကြမယ့်
ချစ်သူနှစ်ဦးရဲ့ တွဲလက်တွေခိုင်မြဲတဲ့နေ့




ကျနော်က မွေးနေ့ပွဲစားတင်မဟုတ် မင်္ဂလာဆောင်ပွဲစားပါလုပ်တယ်လို့တော့မထင်ကြပါနဲ့ဗျား)) ခင်မင်ရတဲ့ ဘလော့ရေးဖေါ်ရေးဖက် အစ်ကိုတစ်ယောက်ရဲ့ မင်္ဂလာပွဲလေးအတွက် ကျနော့်ရဲ့အမှတ်တရပို့စ်လေးပါ FB က သူတို့ ပုံလေးတွေကြည့်ပြီး ပျော်မိပါတယ် တကယ်ကို ကြည်နူးစရာလေး ။အစ်ကိုနဲ့ အစ်မ အမြဲတမ်းပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျှက်။

မောင်မျိုး

(မှတ်ချက် =ကိုနက်ကြီး...... အိပ်ရေး၀၀အိပ်ပါ ဘာမှတော့မဟုတ်ပါဘူး အစ်ကို့ညီလို့ ညည အိပ်ရေးပျက်ခံပြီး ဘလော့ဂင်နေရင် ကျန်းမာရေးထိခိုင်မှာစိုးလို့ပါ ဟဟား :P )



Friday, April 1, 2011

ကြိုး



ကြိုးဆိုတာ ရစ်ပတ်တတ်တဲ့သဘော တင်းကြပ်စွာရစ်နှောင်တဲ့ကြိုးရှိသလို ရစ်ပတ်မှန်းမသိအောင် နုညံ့စွာရစ်ပတ်တတ်တဲ့ကြိုးမျိုးလည်းရှိတယ် ကျနော်ကတော့ ဒီလိုရစ်ပတ်ခံရခြင်းမှာ နုညံ့စွာပျော်ဝင်မိပါတယ် ဒါက စကားကြီး စကားကျယ်နဲ့ ပြောတဲ့စကားပါ ။ ကျနော်ဟာ သံယောဇဉ်တော်တော်ကြီးတတ်တဲ့သူမျိုးဆိုတာ ကိုယ့်ကိုယ်ကိုလည်းသိပါရဲ့ ကိုယ့်ဘေးက သူတွေလည်း ဒါကိုရိပ်စားမိတယ် အသက်ကလေးတစ်နှစ်ထပ် တစ်နှစ်ပိုပိုကြီးလာတဲ့ အခါကျ ဒါမျိုးတွေကိုကြိုးစားပြီး ဖြေဖျောက်ရတာပေါ့ ။

မနေ့က လကုန်ရက် နှုတ်ဆက်ပွဲကလေးမလုပ်ပါဘူး ဒါပေမယ့် နှုတ်ဆက်စကားလေးပြောဖြစ်တယ် အလုပ်မှာ တူတူတွဲလုပ်လာတာကြာပြီဖြစ်တဲ့ ထိုင်းအစ်မတစ်ယောက် မနေ့က နောက်ဆုံးအလုပ်ဆင်းတဲ့ရက် မှတ်မိသေးတယ် သူ ကျောင်းစပြီးတဲ့နှစ် စစချင်းအလုပ်ဝင်တော့ ကျနော်လုပ်တဲ့ရုံးမှာ သူ့နာမည်နဲ့ ကိုယ့်နာမည်က ခပ်ဆင်ဆင် လေသံအနိမ့်နဲ့အမြင့်ပဲကွာတယ် အစက သူ့ကိုခေါ်ရင် ကျနော်က ထူးထူးတတ်တယ် နောက်ပိုင်းကျမှ အသားကျသွားတော့တယ် ။ အရပ်ကလေးက ပုပု ထိုင်းမလေးတွေ ပိန်တာကြိုက်ကြပေမယ့် သူကတော့ ကံဆိုးတယ်ပဲပြောရမလား ကံကောင်းတယ်ပဲပြောရမလားမသိ ၀၀ကလေးဖြစ်နေတယ် ။

သူကလည်း ဗမာလိုတစ်လုံးမှမတက် ကိုယ်ကလည်း ထိုင်းလို Broken ပဲသိသေး ဒါပေမယ့် ကျနော် ပြောတာကို သူတစ်ယောက်ပဲ နားလည်ပါတယ်း) ရယ်စရာတော့ကောင်းသာ လက်ဟန်ခြေဟန်တွေနဲ့ ရှုပ်ရှက်ခပ်နေတဲ့ ကျနော့်စကားပြောပုံကို တစ်ခြားသူတွေက ခေါင်းမူးပေမယ့် သူကတော့အဆင်ပြေပြေနားလည်ပါတယ် ။စိတ်ညစ်စရာရှိလည်းတူတူ အလုပ်တွေ မပြီးလို့ သူဌေးကိုလိမ်ပြောကြတော့လည်းတူတူ ကွန်ပျူတာလည်းမကိုင်တက် အင်တာနက်ဆိုတာလည်း ခုမှကြားဖူးတဲ့ ကျနော့်ကို သင်ပေးတာလည်း ဒီအစ်မပါပဲ ။ဘာလေးပဲဖြစ်ဖြစ် အသေးစိတ်လေးကအစတိုင်ပင်လို့ရ အကြံညဏ်တောင်းလို့ရတဲ့သူ့ကို ကျနော်တစ်ခြားသူတွေထပ်ပိုခင်မိတယ် ။

မနေ့က စကားထိုင်ပြောဖြစ်ရင်း “ အစ်မ...ရုံးကိုမကြာမကြာလာလည်လေ နော့်” ဆိုတော့ “မလာတော့ပါဘူးလေ နောက်ပိုင်း သူဌေးနဲ့ ငါ့ရဲ့ဆက်ဆံရေးလည်းနင်သိတာပဲ မဟုတ်လား” ဆိုတော့ ကိုယ့်မှာ လက်မှိုင်ချရတဲ့အဖြစ် ။ နှုတ်ဆက်စကားပြောရတာ ဆော်ဝါဒီလုပ်ရတာ ပျင်းတဲ့ကျနော် “โชคดีนะพี่” Good luck နော် အစ်မ လို့နှုတ်ဆက်စကားဆိုရင်း ဆော်ဝါဒီလုပ်လို့ နှုတ်ဆက်စကားဆိုဖြစ်တယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ၄ နှစ်ကျော်လောက် အလုပ်တူတူတွဲလုပ်လာတဲ့ လုပ်ဖော်ကိုင်ဖက် အစ်မတစ်ယောက် လူမျိုးရေးခွဲခြားမှုမရှိပဲ ကိုယ့်အပေါ်ကောင်းခဲ့သူတစ်ယောက် အဆင်ပြေပါစေလို့ စိတ်ရင်းအမှန်နဲ့ဆုတောင်းပေးမိပါတယ်။

အားလုံးဟာ အမှတ်မထင် ဆုံတတ်ကြပေမယ့် နှုတ်ဆက်ချိန်တိုင်းကိုတော့ အမှတ်ရလျှက်ပါ ။ကိုယ်လည်းတစ်နေ့ ဘယ်သူတွေကို ဘယ်လိုနေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ နှုတ်ဆက်ချိန်ကြုံလာမလဲဆိုတာ မဆိုင်တာတွေ လိုက်တွေးနေမိပါရဲ့ ။


LinkWithin

Related Posts Plugin for WordPress, Blogger...