Sunday, August 14, 2011

ကောက်ကွေးမလေး

ဟုတ်တယ် သူက ကောက်ကွေးမလေးပါ မောင်နှမတွေ အားလုံးထဲမှာ အဆိုးဆုံး အမဲဆုံး အကောက်ဆုံး စိတ်လည်း ကောက်တာပဲ သူ့ဆံပင်တွေကလည်း တော်တော်ကောက်တာ အဲ့တာ ကတော့ အဘဘက်လိုက်လို့ဖြစ်မယ် တစ်ခြား မောင်နှမတွေက ကရင်သွေးပါတဲ့ အဘ ဘက်ကိုလိုက်လို့အသားလေးတွေ နည်းနည်းဖြူကြပေမယ့် သူကတော့ အမေ့လို တော်တော့်ကိုညိုသွားတာ ။ကျနော့်မှာလည်း ရေးစရာတွေက ဒါတွေပဲရှိတော့ ကျနော့် မောင်နှမတွေဟာလည်း ကျနော့်စာမျက်နှာတွေပေါ်မှာ ကုန်ကြမ်းလေးတွေဖြစ်ဖြစ်သွားပါတယ် ။ သူ့အကြောင်းတော့ မရေးဖူးဘူး ။ ကျနော့်အစ်မ မှာ ရေးဖူးတဲ့ အစ်မကတော့ ကိုယ့်အပေါ် အနစ်နာခံလို့ သူ့ကိုပဲ အချစ်ပိုမိသလိုလို ဒါပေမယ့် အငယ်လေးတုန်းက သူစိမ်းတွေ မေးတိုင်း ကျနော့်အတွက် ဖြေရခက်တဲ့ မေးခွန်းကတော့ မောင်နှမတွေထဲ ဘယ်သူ့ကို ပိုချစ်သလဲဆိုတဲ့ မေးခွန်းပါပဲ ။

သူနဲ့ ကျနော်က အထပ်အောက် အထပ်အောက်တို့ရဲ့ ထုံးစံအတိုင်း နီးတကျက်ကျက်ပေါ့ ရိုက်ခံထိပေါင်းလည်းများပြီ ဒါလည်း ကျနော်တို့ မောင်နှမကတော့ ကိုက်မြဲ ကိုက်နေကြတော့တာ စိတ်အညစ်ရဆုံးကတော့ အမေပေါ့ သူနဲ့ ကျနော် ဘယ်လောက်ထိတောင် ကိုက်ကြသလဲဆိုရင် သူအိမ်ထောင်ကျလို့ ခလေးမရခင်အထိ နပန်းလုံးကြတာမျိုး အခု ပြန်စဉ်းစားတော့ တကယ့်ကိုရယ်စရာပါး) ။ ဒါပေမယ့် ကျနော်တို့ မောင်နှမ နှစ်ယောက်ကတော့ ဝေးရင်တော့ တစ်ယောက်ကိုတစ်ယောက်မေးကြသား သတိတရ ရှိတတ်ကြသား ။ အငယ်တုန်းက သူက စာသိပ်တော်တဲ့ ကျောင်းသူတစ်ယောက်ပေါ့ အဲ့လိုပဲ သူ့မောင်ကိုလည်း စာတော်စေချင်လို့ စာတွေ အတင်းသင်တိုင်း ငပျင်းကောင်က ဂျီကျတတ်တော့ သူက တအားကိုခေါက်တာပါ အငယ်တုန်းက ရန်မဖြစ်တဲ့နေ့မရှိသလောက်ပဲ တစ်ခါခါ အရွဲ့တိုက်ပြီး အစ်မငယ်ကို မချစ်ဘူး လို့ပြောရင် သူကလည်း အားကျမခံ “ နင့်ကိုလည်း ငါက မချစ်ပါဘူး” တဲ့ ။

သူက ရန်ဖြစ် သိပ်တော်တာပါ မိသားစုမှာ အဘကို ဘယ်သူကပဲ မထိတစ်ထိ ပြောလိုက်တာမျိုးဖြစ်ဖြစ် ရွာထဲက အပျိုမတွေ ကျနော့် အစ်ကိုတွေအကြောင်း မကောင်းပြောတာမျိုးဖြစ်ဖြစ် အနေအေးတဲ့ တစ်ခြား အစ်မတွေ သူများပြောလို့ မျက်ရည်ကျလာတာမျိုးဖြစ်ဖြစ် ဒီကောက်ကွေးမလေးကတော့ ဒိုင်ခံဖိုက်တာပေါ့ ။တစ်ခါက မှတ်မိသေးတယ် ကျောင်းက ပြန်လာကြတော့ သူ့ကိုမစောင့်ပဲ ကျနော်က အရင်ပြန်လာတာ လမ်းမှာ ရန်ဖြစ်လို့ အားမရှိတဲ့ ကြောင်ချိက သူများကိုတော့ သိပ်စတာမျိုးပါ ဟိုက မခံနိုင်လို့ ကိုယ့်ကိုတီးတော့ မျက်ရည်က သင်္ကြန်ရေပြွတ်လို့ တစ်ပလွတ် ပလွတ် နဲ့ပေါ့ ( ပြန်တွေးကြည့်တာ ကျနော်က ရန်ဖြစ်တိုင်း တစ်ခါမှ နိုင်တာမှမရှိပဲ :P ) အနောက်က လိုက်လာတဲ့ အစ်မက ကျနော့်ကိုလည်းတွေ့ကော အပြေးတပိုင်းနဲ့ ကျနော့်စိတ်ထဲလည်း အဲ့တုန်းက မျှော်နေတာ သူ့ကိုပဲ ငါ့အစ်မလာလို့ကတော့ မင်းတို့သေပြီသာမှတ်ပေါ့ ကိုယ်မှမနိုင်တာ ။ ဘယ်သူလုပ်တာလည်းမေးတော့ ဆွေကြည့်ကြည့်နေတဲ့ ဟိုကောင်ကို လက်ညှိုးလေးထိုးပြတာတောင် မရဲတရဲနဲ့ အဲ့လောက်ကို သတ်တိကောင်းတား) ။တစ်ချက်တော့ စိတ်ပူသွားသေ သူတို့က မောင်နှမ ၂ယောက် အစ်မတစ်ယောက်တည်းနိုင်ပါ့မလားလို့ ။


ကိုယ်စိတ်ပူတာနဲ့ တစ်ခြားစီ ၂ယောက်တစ်ယောက် ချပေမယ့် ကျနော့် အစ်မက အသာကြီးရယ် ကျနော်ကတော့ သူပစ်ချထားတဲ့ လွယ်အိတ်လေးကို ကောက်ကိုင်ပြီး “ အစ်မ ချချ ဆွဲထား ဟင်း အဲ့တာ ငါ့အစ်မကွ အစ်မ ကန်ထည့် ကန်ထည့် ” မသိရင် ဘောလုံးပွဲကြည့်တဲ့သူက အားမလို အားမရနဲ့ ဘေးနားကနေ အားပေးနေသလို တော်တော်လည်းမောသွားကြတော့ ရန်ပွဲကသိမ်းလို့ အစ်မကတော့ ဂျက်မလိုလို ဘာလိုလိုနဲ့ “ နင်တို့လောက်ကို ပျင်းသေးတယ် လာ ခလေး ပြန်မယ် ” တဲ့ ကျောင်းမှာ အစ်မကို လိုက်ကြိုက်ကြလို့ အစ်မကို စောင့်ရှောက်တာမျိုးမဟုတ်ပဲ ပြောင်းပြန်တွေဖြစ်လို့ မောင် ငချိ ကို အစ်မက ဖိုက်တာကြီးလုပ်လို့ပေါ့ ။

ကျောင်း ၅ တန်းလောက်နဲ့ထွက် ခြံထဲဆင်း တစ်ခါခါ ကျွဲကျောင်းနွားကျောင်း အဖော် ပါပါသွားရတဲ့ အစ်မ အိမ်ထောင်ကျတော့လည်းစော ခလေးတွေလည်း အများကြီးနဲ့ သူ့အိမ်သွားရင် တူ /တူမတွေက ဆူညံလို့ အသက်ကလေး ငယ်ငယ်နဲ့ ပင်ပန်းတဲ့ ဘ၀ကိုဖြတ်သန်းရတော့ တကယ့် အဒေါ်ကြီးလို မနှစ်က အိမ်ပြန်တုန်း ဘာမှန်းမသိ စိတ်ညစ်နေတာနဲ့ အစ်မအိမ်သွားလည်ရင်း ယောက်ဖရဲ့ အရက်ဝိုင်းမှာ ခွက်ခလေးဆွဲလို့ အမြီးကလည်းကောင်တာနဲ့ တစ်ခွက် နှစ်ခွက် သွားကစ်ထည့်လိုက်တာ ဟင်းချက်နေရင်း တွေ့တဲ့ အစ်မက မျက်ရည်တွေ ထွက်လို့ ကိုယ်စိတ်ညစ်နေမှန်းသိလို့ မဆူရက်လေတော့ နိုင်တဲ့သူ့ယောက်ျားကိုပဲ ပြသနာရှာ “ ဒီအရည်တွေကို နင်ပဲသောက် ငါ့မောင်ကို မတိုက်နဲ့ ” တဲ့ လေသံက ခပ်ပြင်းပြင်း ငိုသံကြီးနဲ့ ဆိုတော့ ကိုယ်ပါ မူးတာတွေ ပြေချင်သွားတယ် ။ ယောက်ဖကလည်း “ ငါ့ညီ တော်တော့ဟ မင်းအစ်မ မင်းဆက်သောက်နေတာတွေ့ရင် အစ်ကို့ကို ပြသနာရှာလို့တော့ သွားပြီ မိုးလင်းပေါက် ပေါက်ပေါက်ဖောက်တော့မှာ ” ဟုတ်သား ရန်ဖြစ်တော်တဲ့ နေရာမှာတော့ သူက အငယ်လေးတုန်းကအတိုင်းပဲ ။

ကိုယ်သွားတဲ့ အခါကျ ပလဲကစဲဖြစ်နေတာတွေ အမြန်ပြေးသိမ်း ထမင်းစားပြီးပြီလား ဟင်းချက်မယ် တကဲကဲလုပ်နေတဲ့ အစ်မကလည်း အငယ်လေးတုန်းက ရန်ခဏခဏ ဖြစ်ခဲ့ကြတဲ့ မောင်နှမတွေလို့ ထင်စရာမရှိအောင်ကိုပါပဲ ။ မိသားစုမှာ သူက ဗဟုသုတ အနည်းဆုံး မာမလိုလိုနဲ့ ခဏခဏ မျက်ရည်ကျတတ်တဲ့သူ စီးပွားရေးအဆင်မပြေလို့ အလုပ်ပေါင်းစုံလုပ်ဖူးသူ သူအဆင်မပြေလို့ မောင်နှမတွေ သူ့ဆီ ဘယ်လာချင်မလဲလို့ ပတ်ဝန်းကျင်မှာ ကြားကြားတတ်ရလွန်းလို့ ရွာကိုရောက်တိုင်းတော့ သူ့ဆီ မဖြစ်မနေသွားနေရတာပေါ့ ။ သွေးဆိုတာ ရေလောက်ဘယ်ကျဲမလဲဆိုတဲ့ စကားလေးအတိုင်း အနေဝေးကြမှ ၅၂၈ ရဲ့ တန်ဖိုးတွေဟာလည်း ပိုပိုသိသာလာတာမျိုးပါပဲ ။


သူ့အိမ်ရောက်တာနဲ့ “ ခလေး နင် ထမင်းစားခဲ့ပြီးပြီလား” လို့ မေးမေးတတ်လွန်းတဲ့ ကျနော့်ရဲ့ ကောက်ကွေးမလေးကို ကျနော် ထမင်းစားမကောင်းတဲ့အကြောင်း ပြောချင်လိုက်တာ ။

22 comments:

  1. ထမင်းစား မကောင်းရင် ဘာဂါ ၀ယ်စား ငချိရေ..

    တစ်ကတည်း အစ်မကပဲ သူ့အတွက် ဖိုက်တာပြန်လုပ်ပေးနေရသေးတယ်..

    လူပုံက ဖြူဖတ်ဖြူရော်...လူမမာ ရုပ်နဲ့၊ ရောဂါနဲ့... ဒါကို ဒင်းက သေရည်သေရက် သောက်သေးတယ်

    အဲဒီ အရည်သောက်ရင် သေတတ်တယ်... သေမယ့်ရက်ကို နီးမယ် ဆိုတာ နင် မသိဘူးလို့တော့ ငါမယုံဘူး... ကြောင်ပိန်မရေ...



    မိုးပျံမ

    ReplyDelete
  2. Good post as usual.Though i called to my mom at NPW and youngest sis at YGN this morning,your post made me miss to my bros and sis:(.....Go on writing.I love your family posts and about your village posts.Thanks.
    Gyidaw

    ReplyDelete
  3. မောင်မျိုးနဲ့  အိမ်က အငယ်ကောင် မောင်မောင်နဲ့  တူလိုက်တာ။ ရန်ဖြစ်တိုင်း ဘယ်တော့မနိုင်လို့  စွာတေးမ စန်းထွန်းက ပါးစပ်နဲ့  ဝင်ဖိုက်ပေးရတာ ...း)။ ကျန်းမာရေး ဂရုစိုက် မောင်မျိုးရေ။

    ReplyDelete
  4. "ငပျင်းကောင်...၊ ပလဲကစဲ"....၊
    ညီ သုံးသွားတဲ့ စကားလုံးတွေကို တကယ်ကြိုက်တယ်၊း) ဒီပို့စ်မှာလည်း အခြားသော ၅၂၈ ပို့စ်တွေလိုပဲ မောင်နဲ့ အမရဲ့ ချစ်ခြင်းတွေ အများကြီး တွေ့လိုက်တယ်ဗျ...။

    ReplyDelete
  5. ပေးချင်တဲ့ မက်ဆေ့ .. . ပေးသွားတဲ့ပုံလေးက ရိုးစင်းပေမဲ့ မေတ္တာဘွဲ့ တပုဒ်လို့တောင် ဆိုထိုက်ပါပေတယ်. . . .

    ငချိ ချစ်သော ကောက်ကွေးမလေးရေ . . . သွေးဆိုတာ အရည်ဘယ်လောက်ကျဲမလဲတဲ့

    ဒီစကားလုံး တစ်လုံးတည်းနဲ့တင် ဒီစာပိုဒ်ကို ဖတ်ရတာ တန်ဖိုးရှိသွားပါပြီ ။

    ခင်မင်တဲ့
    ဗညား

    ReplyDelete
  6. မောင်မျိုးရဲ့ အစ်မအကြောင်းလေးဖတ်လို့ကောင်းလိုက်တာ...။ မောင်နှမတွေ ငယ်ကအကြောင်းပြန်တွေးရတာ ရေးရတာ ပျော်စရာလွမ်းစရာနော်...။ ပြန်မရနိုင်တော့တဲ့ အတိတ်ကပျော်စရာတွေကို ခုတော့လည်း ပို့စ်တစ်ခုအဖြစ် မှတ်တမ်းတင်ဖြစ်သွားတာပေါ့...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  7. 'အစ်မကြီးတော့ အမိရာ' ဆိုသလိုပေါ့ကွယ်။
    အန်တီလည်း အစ်မအကြီးဆုံးဆိုတော့ အောက်အငယ်တွေကို အဖက်ဖက်မှာ နွေးထွေးမှုကိုပေးခဲ့ရတယ်လေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. ဒီပိုစ့်လေးဖတ်ပြီး အိမ်က မောင်လေး ညီမလေးတွေ သတိရမိတယ်
    မောင်နှမဆိုတာ ဘယ်လောက်ဘဲ ရန်ဖြစ်ဖြစ် ဘယ်လောက်ဝေးဝေး မေ့လို့ မုန်းလို့မရတဲ့ သူတွေပါဘဲနော်
    အဲ.. ကျန်းမာရေးလည်း ဂရုစိုက်မောင်မျိုးရေ..
    အချိန်တန်ရင် အိုးပုတ်ပန်းကလေးတွေ ပြန်တွေ့ခွင့်ရမှာပါကွယ်...

    ReplyDelete
  9. ဟားဟား မောင်မျိုးပိုစ့် ဖတ်ပြီး ရယ်ရတဲ့အပြင် အပေါ်က မိုးပျံမ ကော်မန့်ကိုဖတ်ပြီး ရယ်လိုက်ရတာ....:P

    ReplyDelete
  10. ငပိန်တို့ ကတော့ ဇော်ပဲဟေ့...... ဟိဟိ။ ငါ့အစ်မလာမှ နင်တို့ သိမယ် ဆိုပဲ..... ကောင်းလိုက်တဲ့ သတ္တိ။ ရာဇသွေးပါတယ် ဆိုရမယ်။

    ငါလည်း ငါ့မောင်ဒမတွေကို ချစ်ပါဒယ်။ မရေးချပြတတ်လို့  ပါ။

    ReplyDelete
  11. အမလုပ်သူ ကောက်၊မကောက်တော့ မသိဘူး။ အမက ကောက်ကွေးလိုက်ရင် တော့ မောင်မျိုးက ကွေးသွားမယ်ထင်တယ်။ အမနဲ့  နပန်းလုံးတယ်တဲ့ မယုံပေါင်။ :D

    ReplyDelete
  12. ငချိရယ်.....လက်ညိုးထိုးပြတာတောင်မရဲတရဲနဲ့လား....၊
    ဖြစ်ရမယ်...:)))၊မောင်နှမတွေရဲ့ ချစ်ခြင်းလေးကိုအတိုင်း
    သားခင်းကျင်းပြသွားတာလှတယ်ညီ...။

    ReplyDelete
  13. သြော် မောင်နှမတွေရှိတဲ့
    သူတွေများကောင်းလိုက်တာနော်
    အားကျတယ်..း)

    ခင်တဲ့
    မဒိုးကန်

    ReplyDelete
  14. အင်း.. ကြောင်ချိကို မျက်လုံးထဲ မြင်ယောင်မိပါရဲ့.. မောင်နှမသားချင်းဆိုတာကလည်း နီးတကျက်ကျက် ဝေးတသက်သက်ပေါ့..... စိတ်မကောင်းဖြစ်အောင်တော့ သိပ်မရေးနဲ့ကွာ...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  15. မောင်မျိုးရယ်..
    မောင်နှမဆိုတာတော့ဒီလိုပါဘဲလေ..
    နီးရင်တော့ရန်ဖြစ်
    ဝေးနေရင်တော့သတိရနေကြတာဘဲ

    ခင်တဲ့အမ Blackroze

    ReplyDelete
  16. ဟန်ကြည်August 16, 2011 at 2:30 AM

    ဒီစာဖတ်ပြီးတော့ တစ်ဦးတည်းသော ညီမလေးကို သတိရမိသွားတယ်...တကယ်ပါပဲလေ မောင်နှစ်မဆိုတာကတော့ နီးတကျက်ကျက် ဝေးတသက်သက်ပဲပေါ့...အစ်မကို ဂရုစိုက်ပါ မောင်မျိုးရေ...အစားထိုးလို့မရနိုင်တဲ့ အရာတွေထဲမှာ ညီအစ်ကို မောင်နှမတွေလဲ ပါပါရဲ့...

    ReplyDelete
  17. လုပ်ပြန်ပီ ..း(

    ReplyDelete
  18. ကောင်းလိုက်တဲ့ အရေးအသားပါ အစ်ကို ရင်ထဲကိုထိသွားတာပဲ။ ကျွန်တော်လည်း မောင်နှမတွေကို သတိရမိတယ်။

    ReplyDelete
  19. ကိုအောင်(ပျူနိုင်ငံ)August 18, 2011 at 7:02 PM

    ဘလော့ဒေးအမှတ်တရလေး ရေးပေးဖို့ တက်ဂ် tag ထားတယ် မောင်မျိုးရေ ... :P

    ReplyDelete