Monday, May 15, 2017

#အဖေအို….


ကျနော့်အဖေက အသက် ၆၀ကျော်ရှိပါပြီ ကျနော့်ဇာတိကတော့ အစွန်ပိုင်းကျတဲ့ပြည်နယ်တစ်ခုကဖြစ်ပြီး ဆက်သွယ်ရခက်ခဲ တောတွေကိုဖြတ်ပြီးမှရောက်ရတဲ့အရပ်ဒေသပါ။ မြို့မှာအလုပ်လုပ်နေတဲ့ ကျနော့်နဲ့အတူနေဖို့လည်းအဖေ့ကိုခေါ်လို့မရပါဘူး ။ အိမ်ပြန်တဲ့တစ်နေ့မှာတော့ ကျနော့်ကအဖေ့အတွက် လက်ကိုင်ဖုန်းတစ်လုံးဝယ်သွားပေးတယ် အဖေက ကျနော့်ကိုပြောပါတယ် ။
(အဖေက အသက်ကြီးလှပါပြီသားရယ် မင်းတို့ရဲ့ ခေတ်မှီအသုံးဆောင်တွေအဖေမလိုအပ်ပါဘူး) တဲ့။


အဖေ့ကိုစိတ်မချပေမယ့်လည်း ကျနော်အလုပ်တစ်ဖက်နဲ့ဘယ်လိုလုပ်ရမလဲဆိုတာမစဉ်းစားတတ်အောင်ဖြစ်ရပါတယ်။ နှစ်ဆန်းပိုင်းပိတ်ရက်မှာ ကျနော်အဖေ့ဆီကိုတစ်ခေါက်ထပ်သွားပါသေးတယ် ဖုန်းတစ်လုံးလည်းထပ်ဝယ်လို့ပေါ့ အဖေကတော့ မယူဘူး အကုန်အကျများတယ်ဆိုပြီးပြောနေပေမယ့် ဒီတစ်ခေါက်တော့အဖေက လက်ခံလိုက်ပါတယ် သူပြုံးပြီးပျော်နေပုံရတာကြောင့် ဒီတစ်ခါတော့စိတ်ချမ်းသာတယ်ထင်ပါ့ ။ ကျနော်လည်း အဖေ့နဲ့ကြာကြာနေချင်တယ်ဆိုပေမယ့်လည်း အများဆုံးနေနိုင်သုံးရက်ပေါ့ အလုပ်ရှိရာကိုကျနော်ပြန်ရပါပြီ ။


နှစ်သစ်ပိတ်ရက်ရဲ့အစအလုပ်ပြန်ဖွင့်တဲ့နေ့မှာ ကျနော် မက်ဆေ့ဝင်သံကြောင့်နိုးလာပါတယ်
( ရာသီဥတုအေးတယ်နော် နွေးနွေးထွေးထွေးဝတ်သွားပါ အလုပ်မသွားခင်တစ်ခုခုစားဖို့မမေ့နဲ့နော်) တဲ့ ကျနော် ဒီလို မက်ဆေ့မျိုး မကြာခဏကြားဖူးနေတော့ပဲ ကျနော်မသိတဲ့နံပါတ်စိမ်းတစ်ခုမို့ ကျနော်အချိန်ကြာကြာဒီနံပါတ်က ဘယ်ကများလဲဆိုပြီး စဉ်းစားနေတော့တာ နောက်ဆုံးမှာတော့ ကျနော်သိလိုက်တယ် အဖေ့ကိုကျနော်ဖုန်းဝယ်ပေးတုန်းက ထည့်ပေးလိုက်တဲ့နံပါတ်ကဒ်ပဲ။အဖေ့နံပါတ်ကိုကျနော့်မှတ်ဖို့မေ့နေတာရယ်။


အဖေကတကယ်တော့ မူလတန်းတောင်မအောင်တဲ့သာမာန်လူတစ်ယောက်ပါ ဒါပေမယ့် မနက်ပိုင်းတိုလိုလို နေ့တိုင်းနီးပါးမပျက်မကွက်ပဲ ကျနော့်ဆီကို မက်ဆေ့တွေပို့ပါတယ် အဖေ ဒီဖုန်းပေါ်က စာသားတွေကိုအတော်ကြိုးစားရိုက်ရမယ်ဆိုတာလည်းကျနော်သိပါတယ် ဒါပေမယ့် ကျနော်စာမပြန်ဖြစ်ဘူးရယ် စာဝင်တဲ့အချိန်ဟာ အလုပ်ချိန်ဖြစ်နေတာရယ် ကျနော့်မှာ ဆင်ခြေတွေပေးဖို့အတော်များနေတယ် ကျနော်အလုပ်တွေများနေတယ် ချစ်သူအတွက် ၊ ငွေအတွက် ၊ ချစ်ခြင်းအတွက်၊ အနာဂါတ်အတွက် အိုး….စုံလို့ပါပဲ။ အဲ့ကနေရှုပ်နေတာဆိုတာ နှစ်လည်ပိုင်း ကျနော့်အိမ်ပြန်တဲ့အထိအဖေ့ဆီကိုကျနော်စာမပြန်ဖြစ်ဘူး။


အဖေဟာ မှိုင်မှိုင်တွေတွေနဲ့ ကျနော်ဝယ်ပေးခဲ့တဲ့ ဖုန်းကိုကြည့်နေပါတယ် ကျနော်ထင်တာဖုန်းများငွေကုန်သလား ဒါမှမဟုတ် ပျက်များပျက်သလားပေါ့ ဒါပေမယ့်မဟုတ်ပါဘူး အဖေက ကျနော်ကိုပြောတယ် ( မင်းတို့ပြောတော့ မက်ဆေ့ပို့တာဟာ ဖုန်းခေါ်တာထက်ပိုပြီး အကုန်အကျသက်သာတယ်ဆို အဲ့တာကြောင့်အဖေမင်းဆီကိုစာအမြဲပို့တာပေါ့ မင်း….ဖုန်းသုံးတတ်တာကောသေချာရဲ့လား အဖေ့ဆီကမက်ဆေ့ရရဲ့သားနဲ့ မင်းဘာစာမှမပြန်ဘူးလေ ) ။ ကျနော်လေ အဲ့နေရာမှတင်ထိုင်ငိုချင်စိတ်ပေါက်သွားတယ် ရင်ထဲမကောင်းလိုက်တာ ကိုယ့်ကိုယ်ကိုလည်း အတော်ရှက်သွားတယ် အဖေ့ကိုဒီလိုခံစားစေရသလားဆိုပြီးတော့ပေါ့ ဒါပေမယ့် ကျနော်အဖေ့ကိုစိတ်မကောင်းမဖြစ်စေချင်ဘူး အဲ့တာကြောင့် အဖေ့ကိုကျနော်ညာပြောလိုက်ပါတယ် ( ..ဟုတ်တယ် အဖေရ သားဖုန်းက မက်ဆေ့ဝင်တာမပြဘူး ပျက်နေတယ်ထင်တာပါပဲ ) ။ အဖေက နားလည်သလိုနဲ့ ခေါင်းကိုညိတ်ပြပြီး ဘာမှတော့သူဆက်မပြောတော့ပါဘူး။


ဒီတစ်ခေါက်အိမ်ကပြန်ပြီးတဲ့အခါမှာတော့ ကျနော်အိပ်ယာက နိုးနိုးချင်း အဖေ့ဆီကို မက်ဆေ့ပို့တော့တာပါ..။
(အဖေရေ…သားညက အတော်ညဥ့်နက်မှအိမ်ပြန်ရောက်လို့ အဖေ့ဆီကိုဖုန်းပြန်မခေါ်ဖြစ်တာဗျ အဖေများအိပ်နေမလားဆိုပြီး စိုးရိမ်လို့ပါ နောက်တစ်ခေါက်သားအိမ်ပြန်လာရင်အဖေ့အတွက် ဖုန်းအသစ်တစ်လုံးဝယ်ခဲ့မယ်နော်အဖေ )
( မလိုပါဘူးသားရယ် ခုလည်း အဖေ့ဖုန်းကကောင်းနေတာပဲ သားရဲ့အသံကိုလည်းအဖေကောင်းကောင်းကြားရတယ် အဖေ့အနားမှာသားစကားပြောနေသလိုပဲ )
( ဒီတစ်ခေါက်ဝယ်ပေးမယ့်ဖုန်းက ဗီဒီယိုလည်းရတယ်လေ အဖေရ အဖေနဲ့သားစကားပြောတဲ့အခါ ရုပ်ကြည့်ပြီးပြောလို့ရတယ်)
(မလိုပါဘူးသားရယ် သားအသံကြားရရင်ပဲအဖေကျေနပ်ပါပြီ သားအဖေ့နားရှိနေတယ်လို့အဖေခံစားရတယ် )
ကျနော်လေ စိတ်မကောင်းလွန်းလို့ ကျနော်ငိုမိတော့မယ်အသံကို အဖေကြားမှာစိုးလို့ ကမန်းကတန်းအဖေ့ကိုလည်း စကားစဖြတ်လိုက်တယ် အကြောင်းပြချက်က ကျနော်အလုပ်နောက်ကျတော့မှာမို့ ပြင်ဆင်ပြီးအမြန်သွားရတော့မယ်ဆိုပြီးတော့ပေါ့ တကယ်က ကျနော်ငိုသံနဲ့အဖေ့ကိုစကားမပြောချင်တာကြောင့်ပါ။
…………………………………………………………………………………………………………………………….
တကယ်တော့ အဖေတွေကြားချင်နေတာဟာ သားသမီးတွေ မြေးတွေ ကျန်းမာရဲ့လား နေထိုင်ကောင်းကြ အဆင်ပြေကြရဲ့လားဆိုတာပါပဲ ။အဲ့တာကြောင့်သူတို့ဆီမကြာမကြာဖုန်းခေါ်လို့ ခင်ဗျား ကျန်းမာပျော်ရွှင်နေကြောင်းပြောဖို့မမေ့ကြပါနဲ့လို့ ။ ဒါဟာ အဝေးရောက်သားသမီးတွေအနေနဲ့ မိဘကို နေ့စဉ်ပေးနေတဲ့ လက်ဆောင်လေးတွေပေါ့ ။ ကျနော့်အဖြစ်ကိုဥပမာပေးပြီးပြောပြတာပါ ကျနော်ကတော့ အထက်မှာပြောခဲ့သလို အဖေ့ဆီကို စာပြန်မပို့မိလို့အဖေခံစားရတယ်ဆိုတာကပြန်တွေးမိတိုင်း ကျနော့်နှလုံးသားကနာကျင်ပြီး ကိုယ့်ကိုယ်ကိုယ်ရှက်မိတော့တာပါပဲဗျာ။


#MgMyo
#TranslatePost

2 comments: