Friday, April 26, 2013

သတင်းပလင်း

အဖြစ်အပျက်ကတော့ စုံပလုံနေတော့တာပဲ    စာရေးအားကလည်း တစ်လမှ ၂ ပုဒ်လောက်ဆိုတော့ သိပ်မဟုတ်သေး   အရင်ကဆို စာရေးဖို့စိတ်ကလေးထည့်ထားတော့  ဟိုဟာလေးလည်းရေးချင်  ဒီဟာလေးလည်းရေးချင် စုံနေတာပဲ ခုများတော့ မေ့ကို မေ့နေတော့တာ  ငါ စာများရေးးတတ်တော့ရဲ့လားလို့  ကိုယ့်ကိုယ်ကိုတောင် ပြန်မေးမိတော့တယ်။

အမှန်ကတော့ ရှုပ်နေတာ မြို့ပြတွေမှာ ကြုံတွေ့ရတဲ့ ပြသနာတွေအတိုင်း အချိန်မလောက်ငမှုပေါ့ ဘာကိုကုန်လို့ ကုန်နေမှန်းကိုမသိတော့ဘူး  အလုပ်ပိတ်ရက်ရနေတာတောင် ကိုယ့်ပါသာ ဘာမှမနားလိုက်ရသလိုပဲ   မောင်နှမတွေဆီလည်းမရောက်ဖြစ်သလို သူငယ်ချင်းတွေနဲ့တောင် ဖုန်းမှန်မှန်မပြောဖြစ်တော့ဘူး ။ အရင်ကဆို  အမေ့ဆီ  ဘယ်လောက် အလုပ်များများ တစ်လ ၂ ခါလောက်ခေါ်ဖြစ်ပေမယ့် ခုဆို ဖုန်းမပြောရတာ တော်တော်ကြာပြီ အမေကတောင်  မေးနေသေးဆိုလား ။
အခန်းပြန်ရောက်တာနဲ့ ချက်ပြုတ် လျှော်ဖွတ်    ဈေးသွားတဲ့အခါသွားနဲ့   မောစရာကြီးတွေ ။

စာမရေးဖြစ်တော့  သတင်းတွေပဲ ထိုင်ကြည့်နေဖြစ်တယ် ။   ကျနော်က  အမှန်ဆို အရှုပ်တွေထဲ မ၀င်တာများတယ်  ဘာသာရေး အကြောင်း  နိုင်ငံရေးအကြောင်းဆို ပိုဆိုး  မသိတာများတော့    ၀င်ရောက်ဆွေးနွေးဖို့နေနေသာသာ    သူများပြောတာတွေတောင်  သိပ်နားမလည်ဘူး  နိုင်ငံရေး ဘာသာရေး  သဲသဲလှုပ်များကတော့ ကိုယ့်ကို    သိမ်ဖျင်းတယ်လို့များ  သတ်မှတ်ကြလေမလားမသိ   ဂရုစိုက်စရာတော့လည်း  မရှိပါဘူးလေ ။ သတင်းတွေကြည့်ရင်း  ထိုင်းနိုင်ငံရဲ့  အရှုပ်တွေအကြောင်း  မြင်ရကြားရတော့  စိတ်မကောင်းစရာတွေ  တော်တော်များတယ် ။ပထမ အချက် စိတ်မကောင်းစရာက ထိုင်းနိုင်ငံတောင်ပိုင်းအခြေနေတွပါ  တကယ့်ကို  အီရတ်အလားပါပဲ   ။ ထိုင်းတောင်ပိုင်းအရေးဟာ  ထိုင်းနိုင်ငံမှာ တော်တော်ကြာပြီဖြစ်တဲ့ပြသနာပါ ဒါပေမယ့် ခုနှစ်ပိုင်းတွေမှာ ပိုပိုဆိုးလာတယ်   နေ့စဉ်သတင်းတွေမှာလည်း စိုးရိမ်းစရာအခြေနေ  တောင်ပိုင်း သတင်းဆိုပြီးတော့ သတင်းတွေ  ကြားရပါတယ် ။  ကားလမ်းဗုံးပေါက်ကွဲမှု နေအိမ်တွေကြားအထိ ဗုံးပေါက်မှုတွေဟာ  တစ်ခါတလေ  တစ်ရက်တည်းနဲ့တင်  ၈  နေရာလောက်အထိဖြစ်ပါတယ် ။

စစ်ကြီးကို ရပ်စေချင်လို့ စာသင်ကျောင်းတစ်ကျောင်းလုံး ဖျက်ဆီးခံလိုက်ရတဲ့ ခလေးတွေရဲ့ စစ်တွေရပ်ပေးပါဆိုတဲ့   ပြကွက်အတိုလေးကြည့်ပြီး မျက်ရည်ဝဲမိတယ် ပြာပုံတွေကြားက စာအုပ်အတိုလေးတွေကို လိုက်ကောက်ရင်  အငိုမျက်ဝန်းလေးတွေနဲ့ ကျနော်တို့  ကျောင်းတက်ချင်ပါသေးတယ်တဲ့   ။  လုပ်ကြံခံရသူတွေထဲမှာ ထိုင်းတောင်ပိုင်းရဲ့ ပြည်နယ်တစ်ချို့  ပြည်နယ်မှူးတွေ  မြို့နယ်မှူးတွေပါ  ပါဝင်ကြတာကိုတွေ့ရတယ်  ထိုင်းအစိုးရကတော့ အဲ့အထိ သွားရောက် နှစ်သိမ့် ပြီး ကူညီနေတာတွေ့ရပေမယ့်  သတင်းကြည့်နေရင်း ဒီအဖြစ်ပျက်တွေ ဘယ်တော့များ ဆုံးမှာပါလိမ့်လို့ ကျနော်တော့တွေးနေမိတော့တယ်။

ထိုင်းရဲ့  စစ်သားစုဆောင်းရေး ကိုပြီးခဲ့တဲ့ လက  ပြုလုပ်တာတွေ့ရတယ် တစ်ချို့ တောင်ပိုင်းဘက်ကျလို့ စိတ်ပျက်နေကြတဲ့သူတွေရှိသလို  တစ်ချို့ကလည်း နိုင်ငံတော်အတွက် ကာကွယ်ဖို့တက်ကြွနေကြသူတွေလည်းတွေ့ရတယ် ။ အစိုးရက ကျနော်တို့ဖြေရှင်းနေပါတယ် ကျမတို့ လုပ်ဆောင်နေပါတယ်ဆိုပြီးပြောနေကြပေမယ့် ဗုံးက တစ်နေ့ ၈ လုံးလောက်ပေါက်ပြီး လူတွေကတော့ နေ့တိုင်းလောက်ကိုသေနေတော့တာပဲ ။


တောင်ပိုင်းအရေးတွေ့ဆုံညှိုနှိုင်းပွဲတွေမှာ ဒေါ်ရင်လပ်ကြီးက ခေါင်းပေါင်းကြီး နဲ့ နှုတ်ခမ်းမွှေးရှည်ရှည်နဲ့ အဖိုးကြီးကို လက်အုပ်ချီပြီး သေချာဆော်ဝါဒီ လုပ်နေတာတွေ့ရတာ ကိုယ်နဲ့လည်းမဆိုင်ပဲ ရင်နာစရာကောင်းလိုက်တာ ပြောမနေနဲ့တော့။  ငါတို့တော့ အဲ့လိုအဖြစ် မဖြစ်ပါရစေနဲ့လို့ပဲ ဆုတောင်းမိတော့တယ် ။ ထူးခြားမှုတစ်ခုက  မြန်မာပြည်တွင်းကနဲ့ မတူပဲ တစ်နိုင်ငံလုံးအတိုင်းတာထိ မပျံ့နှံ့ပဲ  တောင်ပိုင်းတစ်ခုပဲ  ဆိုးရွားနေတာမျိုးပါ ။  ပြည်မထဲက  ထိုင်း-မွတ်စလင်တွေကတော့  အေးအေးချမ်းချမ်းပဲ  တစ်ခြားနေရာတွေမှာလည်း  ဆူပူမှုဆိုတာမတွေ့ရဘူး။


ဘာသာတရားတစ်ခုဟာ  လူတွေသေကြေပျက်စီးစေကြအောင်များ  ဘယ်လို သူတော်ကောင်းများက ဆိုဆုံးမခဲ့ကြလေသလဲဆိုတာ   သိပ်မမှီချင်တဲ့ ညဏ်က  လိုက်တွေးနေမိတယ် ။  ဘာပဲဖြစ်ဖြစ်  ခေါင်းခဲစရာတွေများနေတဲ့ ဒေါ်ရင်လပ်ကြီးတစ်ယောက် ဘယ်လိုများဖြေရှင်းမှာပါလိမ့်လို့  စောင့်ကြည့်နေမိတယ် ။  လူဦးရေများပြားလာမှု ၊  ကားလမ်းကျပ်မှု အပြင်  လုပ်အားခ တစ်နေ့ ၃၀၀  သတ်မှတ်ကြတာကို ထိုင်းပညာတတ်လူငယ်တွေက မကျေနပ်မှု ၊ AEC အတွက် ကြိုတင်ပြင်ဆင်မှု ၊ လွှတ်တော်ထဲမှာ   အမြန်ရထားလမ်း  ၃  နှစ်အတွင်း  ဖောက်လုပ်နိုင်မှုအတွက်  ဘတ်သန်း   သိန်း၂၀  အတွက်  ငြင်းခုံကြမှုတွေကြား မှာ  သူမ ဘယ်လို အကောင်းဆုံးလုပ်ဆောင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာ ။

ငြိမ်းချမ်းမှုများ  ကျရောက်ပါစေလို့  မေတ္တာပို့လျှက်  ထိုင်းနိုင်ငံ အေးချမ်းပါစေကြောင်း။




7 comments:

  1. ငြိမ်းချမ်းပါစေပေါ့

    ReplyDelete
  2. ဟုတ်တယ်.. ခုတလော ကြားရတဲ့ သတင်းတွေက စိတ်မကောင်းစရာတွေ ချည်းပဲ..၊ ကျနော်လည်း စာရေးဖို့ကို အတော် အချိန်လုနေရတယ်၊ ညီ ပြောသလိုပဲ..၊ အချိန်က ဘာတွေနဲ့ ကုန်လို့ ကုန်သွားမှန်းတောင် မသိနိုင်အောင်ပဲ....၊

    ReplyDelete
  3. ဟန်ကြည်April 28, 2013 at 4:20 AM

    ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းနေရင်းတောင် စိတ်ညစ်စရာတွေ များရတဲ့ကြားမှာ သတင်းဖွင့်ကြည့်လိုက်တိုင်း ဟိုနားကသေ သည်နားကသတ်နဲ့ စိတ်ဆင်းရဲလွန်းလို့ ဘယ်နားသွားနေရမှန်းကိုမသိတော့တာ...ဘယ်ဘာသာရေးအတွက်ပဲဖြစ်ဖြစ် သတ်တာဖြတ်တာကိုတော့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်ဟေ့...

    ReplyDelete
  4. ဘာသာတရားဆိုတာ လူ့ ဘောင်လောက အေးချမ်းဖို့ စိတ်နှလုံး ခွန်အားဖြစ်စေဖို့ ပဲ ဖြစ်သင့်ပါတယ်...အစွန်းရောက်အကြမ်းဖက်ခြင်း ကင်းဝေးပါစေ...ကမ္ဘာကြီး ငြိမ်းအေးပါစေ...

    ReplyDelete
  5. လွမ်းရေး. ဝမ်းရေးနဲ့ ပြည်ထဲရေးတွေအကြားဗျာမများရအောင် တရားလေးမှတ်ဖြစ်အောင်မှတ်မောင်မျိုးရေ. စိတ်ကိုညစ်နွမ်းစေမယ့်သတင်းတွေ စိတ်ဓါတ်အင်အားကျဆင်းစေမယ့်သတင်းတွေကိုfilterလုပ်ဖတ်. ပျော်ရွှင်စိတ်ချမ်းသာပါစေ

    ReplyDelete
  6. ဟုတ်တယ် မောင်မျိုးရေ..
    သတင်းတွေစောင့်ကြည့်မှ ကမ္ဘာကြီးရဲ့ နေရာအနှံ့မှာ နေ့တိုင်း ဗုံးတွေ ဖောက်ကွဲခံနေရတာ..။ အပြစ်မဲ့သူတွေ သေကြေနေရတာ..။ ဗြမ္မာစိုရ်တရားတွေ ခေါင်းပါးလာကြတာ..။ စိတ်မအေးစရာ..။

    ReplyDelete
  7. here are the findings Goyard Dolabuy have a peek at this website replica louis vuitton bags helpful hints Dolabuy Chrome-Hearts

    ReplyDelete