Wednesday, July 4, 2012

လေအေး ကလေးတိုက်ခတ်ပါစေ ။

ဖျောက်မရတဲ့ အကျင့်ဆိုမှတော့ တော်တော်ဆိုးလို့ပေါ့နော့် ထူးတော့ဆန်းသား သူဌေးဇာတာပဲ မပါဘူးဆိုဆို ကျနော်ကတော့ မုန်းတာပါပဲ သက်ရှိလူတွေကို သွားမုန်းတာမဟုတ်လို့တော်သေး မဟုတ်ရင်တော့ ကျနော်က အလကားနေ အမုန်းတွေ ပွားနေမိတဲ့သူဖြစ်တော့မှာ ။

ဇာတ်လမ်းက ဒီလို ကျနော်က ပန်ကာတွေ ၊ အဲကွန်းတွေဆို သိပ်မုန်းတာပဲ ပန်ကာများဘေးမှာဖွင့်ထားရင် ကျနော့်နှာခေါင်းထဲ အသက်ရှူလမ်းကြောင်းထဲ လေတွေက တိုးဝင်နေသလိုဖြစ်ပြီး နေလို့ကိုမတတ်တော့တာ ဆောင်းရာသီ မိုးရာသီမှာ ဒီလိုဖြစ်တာလားလို့ တွေးမိပေမယ့် နွေလို ပူတဲ့ရာသီမျိုးမှာလည်း ကျနော်ကမရပါဘူး ပူလွန်းလို့ မနေနိုင်မှာ အများဆုံး ယပ်တောင်လေး ခပ်တာလောက်ပါပဲ ။

ရုံးမှာတော့ တစ်ခြားသူတွေ ခဏခဏ စကားများရတာပေါ့ ကျနော်တို့ရုံးက ရှေ့ဟောင်းရုံးကြီးပါး) ခုထိ အမိုးမှာ တွဲလောင်းတပ်ထားတဲ့ ပန်ကာအကြီးစားကြီးတွေရှိသေးတယ် ပန်ကာဖွင့်ထားရင် ရထား ခုတ်မောင်းသံလောက်ရှိတယ် ကျနော့်စာပွဲက ပန်ကာကြီးရဲ့ အောက်တည့်တည့်မှာရှိတော့ ကျနော့်မှာ မနေတတ်မထိုင်တတ် ကိုယ်က ပိတ်လိုက် တစ်ခြားပူတဲ့သူက ပြန်ဖွင့်လိုက်နဲ့ ပန်ကာကြီးက စကားများ ပြောတတ်ရင် နင်တို့တော်တော် အားနေလား ငါ့ကို ပွင့်လိုက် ပိတ်လိုက်လို့ပြောလေမလားမသိ ။

ရုံးရဲ့ ကွန်ပျူတာ ခန်းမှာ လည်း အဲကွန်းတစ်လုံးက ရှိသေးတယ် ဖွင့်ထားတဲ့ စက်ကို ကျနော် ၀င်သုံးတဲ့ ခဏလေးတော့ ပိတ်လိုက်၇မှ လက်တွေ ကျင်ပြီးအေး နှာခေါင်းထဲ အနံအေးအေးစူးစူးတွေ ၀င်လာသလိုပဲ တော်တော် မုန်းစရာကောင်းတာပါ ။ သူငယ်ချင်းကတော့ ထောပနာပြုတယ် ဒီလူကြီး အပူကောင်ကြီးကျနေတာပဲတဲ့း) ကျနော် ကွန်ပျူတာ ခန်းထဲဝင်တိုင်း အဲကွန်းပိတ်လို့ ပြောတဲ့ စကားက မီတာခတွေ တက်တယ် စက်ကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေက ကမ္ဘာကြီး ပူနွေးတယ်ကွ ။


ညီအစ်ကိုတွေစုပြီး ဂစ်တာတီး သီချင်းဆိုတဲ့ ညတွေဆို သူတို့က ပန်ကာကြီးဖွင့်ထားပေမယ့် ကျနော့်မှာတော့ စောင်ခြုံကြီးနဲ့ ဒါမှမဟုတ် ပန်ကာကို ကိုယ့်ဘက်မလှည့်ပဲ အသေထားလိုက်တာမျိုးဆိုလည်း နည်းနည်းခံသာတယ် ။ အိမ်အလည်သွားတဲ့ အခါတွေကျ အိမ်ရှင်ကတော့ အားနာလို့ ခြင်ကိုက်မှာ ပူမှာ ဆိုးလို့ ပန်ကာဖွင့်ပေးတဲ့ အခါတွေကျ ကျနော့်မှာ ဒုက္ခတွေရောက်လို့ပေါ့ ။ တစ်နေရာ သွားမယ်ဆို ရောက်တာနဲ့ ပန်ကာရှိလားမရှိလား အရင်ကြည့်တယ် ပြီးတော့ ရှိရင် ပန်ကာနဲ့ လွတ်တဲ့နေရာမှာ ရွေးထိုင်တယ် ဒါက ဖျောက်မရတဲ့ အကျင့်ဆိုး ။


ကံကောင်းတာလေးက ကျနော့်ပြောင်းတဲ့ အိမ်ခန်းလေးမှာ ပန်ကာဖွင့်စရာမလိုပဲ လေအေးကလေး အမြဲတိုတ်နေတာလေးပါ ခုလိုရာသီ မနက်ခင်းမျိုးဆို လယ်ကွင်းတွေဘက်က တိုတ်လာတဲ့ လေအေးအေးက မျက်နှာပြင်ပေါ် ခပ်ပြင်းပြင်းတိုက်လာတာကိုက သဘောကျစရာ သိပ်ကောင်းနေတော့တာ ။

ကြီးကြီးကျယ်ကျယ် စကားဆိုမိသလိုတော့ ဖြစ်မလားမသိ ဘ၀မှာ အရိုးသားဆုံးသာ ဖြတ်သန်းချင်တဲ့သူတစ်ယောက်မို့ သဘာဝမဟုတ်ပဲ ဖန်တီးမှုတွေများတဲ့ အရာပစ္စည်းတော်တော်များများကို မုန်းမိတာတော့ အမှန် ။ ဒီလိုပဲ မြတ်နိုးစရာကောင်းတဲ့ သံယောဇဉ် မေတ္တာ အချစ်တွေမှာလည်း ဖန်တီးမှု လုပ်ကြံမှုတွေ မပါရင် ကျနော်တို့ရဲ့ ဘ၀မှာ လေအေးကလေး အမြဲတိုက်ခတ်နေမယ်ဆိုတာ ယုံကြည်မိပါတယ် ။ကျနော်လည်း ဘ၀မှာ လေအေးကလေးသာ တိုက်ခတ်စေချင်မိတော့တယ် ။

12 comments:

  1. ပန်ကာလေ မကြိုက်တာချင်း တူတယ်ကိုမျိုး..:)

    ReplyDelete
  2. ရထားခုတ်မောင်းသံလောက် ကျယ်တဲ့ ပန်ကာကိုတော့ စိတ်ဝင်စားသွား ပြီဗျ၊း) ပန်ကာတို့၊ အဲကွန်းတို့က မီတာခဖိုး အပြင် အခန့်မသင့်ရင် ဖျားတာနာတာ ဖြစ်တတ်သေးတာ ဆိုတော့ ညီ့အတွက် စီးပွားရေး၊ ကျန်းမာရေး ရှုထောင့် ၂ ခုစလုံးက ကိုက်တယ်၊ အဲ.. နောက်ဆုံးမှာ ပန်ကာလေ ကနေ မေတ္တာလေကို ကူးပြောင်း တိုက်ခတ်သွားတာလေးလည်း သဘောကျ မိတယ်..။း)

    ReplyDelete
  3. ဟန်ကြည်July 5, 2012 at 1:33 AM

    မောင်မျိုးစာဖတ်ရင်း အစ်ကိုတို့ လင်မယားကို သွားသတိရတယ်...အစ်ကိုက အအေးကြိုက်...ညဘက် အဲကွန်းဖွင့်အိပ်ရင် အစ်မက စောင်ကြီးခြုံထားရော...သူ့ခမျာ နွေရာသီရောက်တိုင်း နှာတရွှဲရွှဲနဲ့...

    အအေးဆုံးကတော့ ဗူးခါးရေနဲ့ ကြမ်းကြားလေပါပဲဗျား...

    ReplyDelete
  4. ပန်ကာလေ မကြိုက်၊ အဲကွန်းမကြိုက်ပါ။
    အဲကွန်းက အသားတွေခြောက်လာသလိုခံစားရတယ်။

    ReplyDelete
  5. ပန်ကာမကြိုက် .. အဲကွန်းကြိုက်တယ် .. စောင်ခြုံကွေးရတာ ရှယ်ပဲ .. ဟီးး

    ReplyDelete
  6. ဖန်တီးမှုမပါတဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ ဆုံတွေ့ပါစေမောင်မျိုးရေ..။

    ReplyDelete
  7. ဟုတ်ပ..
    တစ်ခါတုန်းက အဲကွန်းက အခန်းနှစ်ခုကြား အလယ်မှာ ဖြစ်နေတော့ တစ်ဖက်ခန်းက ဖွင့်ထားတဲ့အခါ ကိုယ့်မှာ စောင်ခြုံ အိပ်ရတယ်.. အဲသလို ဖြစ်နေပြီ..

    ReplyDelete
  8. ဘဝကိုအရိုးရှင်းဆုံး သောကကင်းဆုံးအားမာန်အပြည့်နဲ့ ဖြတ်သန်းနိုင်ပါစေဗျာ

    အရှိအရှိတိုင်းနဲ့ အရိုးရှင်းဆုံးပေါ့

    ReplyDelete
  9. နှစ်ခုလုံးမကြိုက်ဘူး...၊ခက်တာက အပူဒဏ်ကိုလည်း
    မကြိုက်ဘူး...၊ဒီတော့ မချစ်သော်လည်းအောင့်ခါနမ်းရ
    တာပဲညီရာ....ဒီနိုင်ငံက ပူသကိုး....၊ပြီး လေနုအေးလေး
    တွေလည်း မတိုက်ဘူးလေ...၊ဘာပဲပြောပြောအကိုလည်း
    ဘဝမှာအရိုးရှင်းဆုံးသောလေနုအေးလေးတွေကိုပဲမြတ်
    နိုးမိရဲ့...။

    ReplyDelete
  10. ပန်ကာမကြိုက်..အဲကွန်းမကြိုက်..လေနုအေးလေးကို အကြိုက်ဆုံး..အဲ လေနီကြမ်းကိုတော့ မီးမီး ကြောက်ကြောက်..

    ReplyDelete