Monday, December 19, 2011

ဒီည


တကယ်တော့ သူ ဒီနေ့တနေ့လုံး လက်ထဲက ဖုန်းကိုမချမိ။ ဖုန်းကိုချမိသည့်အခိုက်တွင်လည်း ကွန်ပြူတာမျက်နှာပြင်ထက်က refresh ခလုတ်ကိုချည်း နှိပ်မိလို့နေသည်။ မနက်မျက်လုံးအပွင့်ကနေ ၁၂နာရီဟိုဖက်စွန်းသည် အထိ သူလက်ထဲမှာ ဆုပ်ကိုင်ထားသည်က မျှော်လင့်ခြင်းကြိုးတစ်စ ဒါပေမယ့် နှုတ်ခမ်းအဟမှာ ထွက်ကျသည်ကတော့ ဘဇာရေကြောင့်ပါလိမ့် ဆိုတာပင်ဖြစ်သည်။

သူ့ဘဝမှာ အမုန်းဆုံးသောအရာတို့ထဲတွင် စောင့်ဆိုင်းရခြင်းနှင့် အလိမ်အညာခံရခြင်းတို့ ပင်။ သို့သော် လူ့သဘောသဘာဝတို့တွင် ထိုအရာတို့သည် သမာရိုးကျ ဖြစ်လေ့ဖြစ်ထရှိတတ်စမြဲ။ ယခုအဖြစ်အပျက်တို့တွင်လည်း မည်သူ့ကို အပြစ်ပုံရမည်နည်း။ ယုတ်စွအဆုံး သူ့ကိုယ်သူသာ ထုနှက်သင့်သည် မဟုတ်ပါလား။

ဒီနေ့ကိုတော့ မမေ့သင့်လောက်ဟု သူယူဆသည်။ ထို့ထက်ပို၍ သူမျှော်လင့်နေမိသေးသည်။ တကယ်က မျှော်လင့်ခြင်းဆိုတာ သူ့ဘဝတလျှောက်လုံးကို တမြည့်မြည့်နဲ့လောင်ကျွမ်းစေမည့် မီးရှို့ထားသော အုန်းဆံကြိုးတချောင်းလိုပင်။ သူကတော့ အုန်းဆံကြိုးဖြစ်လျှင်ပင် ခပ်ရှည်ရှည်ဖြင့် ကြာရှည်စွာလောင်ကျွမ်း နေချင်သည့် ဆန္ဒများနဲ့ လူတယောက်….

သူ့ကိုယ်သူထုနှက်သင့်သည်ဆိုသည်မှာ အမှန်ပင်။ များသောအားဖြင့် သူမသိတာမဟုတ်ပဲ သိလျှက်နဲ့ ဇွတ်မိုက်ခြင်းမို့ အသေသာပင် သတ်ပစ်သင့်သည်။ တဖက်ကမအားတာများလားလို့လည်း သူဖြေတွေးချင်သည်။ သို့သော် မဟုတ်ခဲ့။ သူ့ထင်မြင်ယူဆချက်တွေ မှန်စေ့ချင်ပါသည်။ ဒီမှာများ မရှိတော့လို့လားဟုလည်း ဖြေစေ့ချင်သည်။ သို့သော် မအားတာလည်းမဟုတ် ခရီးသွားနေတာလည်း မဟုတ်သော သက်သေမြောက်စေသော အရာများက သူ့ရဲ့ အဆိုပါ အကောင်းမြင်ချင်စိတ်များကို လေထဲဖွဲများကြဲချလိုက်သလို တစစီဆွဲလွှင့်ပစ်နေကြသည်။

ဒါဆို သူကစပြီးဆက်သွယ်လိုက်ရင်ကော။ လောကကြီးမှာ နောက်ထပ် သူမလိုချင်ဆုံးသောအရာသည် သူတောင်းဆိုမှ ကြလာသော သနားစရာစွန့်ကြဲပေးကမ်းမှုမျိုးပင်ဖြစ်သည်။ သူ့ဖက်က တလှမ်းဘာလို့မတိုးတာလဲ လို့မေးစရာတော့ရှိသည်။ အဆိုပါခြေလှမ်းတိုးခဲ့ပေါင်းလည်း များလှပြီဆိုသော ချွန်းဖြင့် သူ့ကို အုပ်ဖို့ ယခုတကြိမ်သူ အောင်မြင်ခဲ့သည်ဟု ဆိုနိုင်သည်။

နောက်ဆုံးသော အရာမှာ မေ့လျော့တတ်သူဖြစ်ပါသည်ဆိုသော တရားခံလွတ်မြောက်ကြောင်း သက်သေတခု။ အဆိုပါ အရာသည် ယခင့်ယခင် အကြိမ်များစွာကတည်းက ကြုံခဲ့ဖူးပြီးပြီ။ ဆင်ခြေ အကြောင်းအရာခိုင်ခိုင်လုံလုံ နှင့် ခုခံကာကွယ်သူကို သူ့ဖက်မှ အမြဲတစေ သက်ညှာခဲ့သည်ချည်းသာ။ မည်သည့်အရာပင် ဖြစ်စေ မင်းက ကိုယ့်ကို နားမလည်ပါဘူးကွာ ကိုယ်ငိုမိတော့မယ် ဆိုတဲ့ ဖြေရှင်းချက်တခုဖြင့် အမှုက ကွင်းလုံးကျွတ်လွှတ်လိုက်စမြဲ။

သူ့ဖက်မှာ ဘာမှပေးစရာမရှိဘူးဆိုတာကိုလည်း သူ စကားအကုန် ပြောပြီးပြီ။ မေတ္တာဆိုသော ပါဠိစကားလုံးများဖြင့် သူ့ကို သိုင်းဖွဲ့ချည်နှောင်ရင်း အတိတ်ကိုမေ့ပစ်ဖို့ အနာဂါတ်မှာ သူသည် ယခုကဲ့သို့ ပြုကျင့်မည် မဟုတ်ကြောင်း အထပ်ထပ် ယုံကြည်စေသည်။ သူ့အတွက် နောက်ထပ် ရွှေရောင်မနက်ဖြန်များ ဖန်ဆင်းရင်းပင်။

သို့သော် အဆိုပါမနက်ဖြန်များတွင် အထက်ပါ အမှုကိစ္စများ မကြာခဏ ကြုံလာရပြန်သည်။ ထုံပေပေဖြစ်လာသော သူ့ကို မင်းက ကိုယ့်ကိုလက်တုံ့ပြန်နေတာများလားလို့လဲ မေးတတ်ပြန်သည်။ ကိုယ် မင်းထင်သလို မဟုတ်ပါဘူး အခုလို မင်းလုပ်နေရင် မင်း ငရဲကြီးမှာစိုးလိုက်တာကွယ်လို့ လည်း ကိုယ့်ကို ခြောက်မေးလေး လုပ်တတ်ပြန်ပါသည်။

သူ့က ကိုယ့်ကို ဂရုမစိုက်သမျှသည် သူမအားလပ်သောကြောင့်သော်လည်းကောင်း၊ အခြေအနေမပေးလို့သော်လည်းကောင်း၊ အခွင့်အရေးမရလို့သော်လည်းကောင်း ဖြစ်တတ်သော်လည်း ကိုယ့်ဖက်က ဖြစ်လျှင် အဆိုပါဖြေရှင်းချက်များသည် လုံးဝ လုံးဝ အကျုံးမဝင်စေရ။

ကြားရက်များတွင် အလုပ်ကိစ္စများ၊ အစည်းအဝေးများဖြင့် အလုပ်ရှုပ်နေတတ်ပြီး၊ ပိတ်ရက်များတွင်လည်း အိမ်ကိစ္စ လူမှုရေးကိစ္စများဖြင့် ရှုပ်နေတတ်ပြန်ရာ သူဆက်သွယ်နိုင်သောအချိန်မှာ ဟိုဖက်က ဆက်သွယ်လာချိန်သာရှိ၏။ မည်သည့်အချိန်တွင် ဆက်သွယ်လာမည်ကိုလည်း မမှန်းဆနိုင်ပြန်။ အကယ်၍ ဆက်သွယ်လာချိန် သူ့ဖက်က အဆင်သင့်မဖြစ်ပါက ပြင်းထန်သော စွပ်စွဲချက် သို့မဟုတ် စိတ်ကို နောက်ကျိညစ်နူးစေနိုင်သော ပြဿနာရှာခြင်းမျိုးကြုံတွေ့မည်မလွဲ။ သူသည် တဖက်က မလိုအပ်သောအချိန်တွင် standby mode ဖြင့် ရပ်စောင့်နေနိုင်ပြီး တဖက်က လက်တချက်ယမ်းလိုက်တာနဲ့ သတိအနေထားမှ တာဝန်ထမ်းစောင့်ရန် အသင့် ဖြစ်နေရမည့် သူသာဖြစ်သည်။ အဆိုပါ စနစ်ကို သူ့အတွက် ကောင်းစေချင်သော စေတနာ စနစ်ဟု တဖက်က အသေအချာ နာမည်ပေးထားခဲ့ပါသည်။

မိုးလင်းလုပါပြီ။ တဖက်ဆီသို့ မည်သို့မျှ သက်ရောက်မည် မဟုတ်သော်လည်း သူကတော့ သူကတော့ဖြင့် စက္ကန့်မှန်သမျှကို ရေတွက်လို့ချည်း မေ့ပစ်ချင်မိသည်။ မနက်ဖြန်ရောက်တော့မှာ မဟုတ်ပါဘူးဟုလည်း ဆုံးမသည်။ သူမငိုမိပါ။ သို့သော် ကုရခက်သော ချောင်းခြောက် ရောဂါတခုလို မငိုပေမယ့် နာကြင်ခြောက်သွေ့ အက်ကွဲနေသော သူ့အတွက် ဒီညသည် စိတ္တဇ ဆန်လွန်းသည် ဟု ဆိုနိုင်သည် မဟုတ်ပါလား….


စာကြွင်း

စာဖတ်သူများအတွက် တိုက်ဆိုင်မှုများရှိလာပါက အဆိုပါတိုက်ဆိုင်မှုကိုသာ တိုက်ရိုက်ရည်ညွှန်းကြောင်း သိရှိစေလိုပါသည်။

19 comments:

  1. Standby mode နဲ့စောင့်နေပြီး လက်တချက် အဝေ့မှာ တာဝန်ထမ်းဆောင်ဖို့ အသင့်တဲ့လား..၊ ဒီစကားလေး ကြိုက်လိုက်တာ..၊ ဒီပို့စ်က ဖတ်ရသူ အတွက်ပါ စောင့်ဆိုင်းရခြင်းနဲ့ မောသွားစေတယ်၊ ကိုယ်ကပါ မဆီမဆိုင် ဘာဖြစ်လို့များ ပါလိမ့်လို့ ဝင်မေးနေမိ တော့မယ့် အဖြစ်...။း)

    ReplyDelete
  2. စိတ်မောလိုက်တာ မောင်မျိုးရယ်
    စတန်းဘိုင်တဲ့လားး)

    ReplyDelete
  3. ဖတ်နေတဲ့သူတောင် နင့်ခနဲ ဖြစ်ရပါလားကိုမျိုးရေ..:(

    ReplyDelete
  4. Kaung lite tae aphwe anwe.I feel uneasy chest after reading it even inthe morning.Be cool Mg Myo.
    Gyidaw

    ReplyDelete
  5. စောင့်ရင်းမောနေတဲ့အဖြစ်ကို မြင်ကြည့်ရင်း မောတောင်လာတယ်..။

    ReplyDelete
  6. ဖတ်ရင်းနဲ့ တောင် မောလာမိတယ်ညီ...

    ReplyDelete
  7. Cool ! beautiful writing :)

    ReplyDelete
  8. ဖတ်လို့ကောင်းတယ်မောင်မျိုးရေ
    စောင့်ရတဲ့အလုပ်နဲ့ ကိုယ်ကတောင်းဆိုရတဲ့အလုပ်
    ဒီအလုပ်နှစ်ခုကိုလုံးဝမနှစ်မြို့ပါး)
    မဒိုးပြောသလိုပဲ ရင်မောပါဘိကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. ဘယ်လိုများဖြစ်တာလည်းမောင်မျိုးရယ်..
    စိတ်မောလိုက်တာဟယ်..

    ReplyDelete
  10. ဒီတစ်ခါ စာရေးတဲ့ ပုံစံက စတိုင်တစ်မျိုးပါလား မောင်မျိုး
    ဖတ်လို့ကောင်းပေမဲ့ စိတ်တော့မကောင်းဘူး
    စောင့်ရတဲ့အလုပ်လည်း မကောင်းဘူး
    လိမ်ညာခံရခြင်းဟာလည်း မကောင်းဘူး.. မျှော်လင့်ရခြင်းမှ ကင်းပါစေ မောင်မျိုးရေ..

    ReplyDelete
  11. ရေးဟန်ကလေးကို နှစ်သက်မိပါသည်း))

    ReplyDelete
  12. ဟန်ကြည်December 20, 2011 at 8:32 AM

    မောင်မျိုးရေးသမျှထဲမှာ ဒီတစ်ခါရေးတဲ့ စကားပြေအရေးအသား အကြိုက်ဆုံးပဲ...နှစ်ခါပြန်ဖတ်ဖြစ်တယ်...အပေါ်ပိုင်းမှာ စာသားနဲ့ ၀ါကျဖွဲ့စည်းပုံ ပိုပြီးလှတယ်...

    ReplyDelete
  13. အယ် မွှားကုန်ပြီ ကျနော်ရေးတာမဟုတ်ဘူး ကျနော့် ဘလော့မှာ စာတွေမကြာမကြာရေးဖြစ်မယ့် စာဖတ်သူ ဆိုသူရဲ့စာပါ သူ့လက်ရာနဲ့ ကျနော့်လက်ရာက တစ်ခြားစီရယ် ကျနော်က ပိစိလေးး)))

    မှတ်ချက်ေ၇းဖို့ မေ့သွားတာ ကျနော့်အပြစ်း) လေဘယ်မှာတော့ သူရေးမယ့် စာတွေ သက်သက်ခွဲထားဖြစ်တယ် ကိုယ့်ဘလော့မှာ တင်တဲ့သူ့ရဲ့ စာတိုင်း ဖတ်တဲ့သူတွေ ကြိုက်ကြတာတွေ့လို့ ၀မ်းသာပါတယ် ။

    ReplyDelete
  14. မောင်မျိုး ဒီအလွမ်းခံစားချက်နဲ့ ငါ ကဗျာရေးလို့ရပီးး)

    ReplyDelete
  15. ကိုအောင်(ပျူနိုင်ငံ)December 20, 2011 at 9:48 PM

    ကဗျာဆရာ ... ကဗျာဆရာ ...း)

    ReplyDelete
  16. အဲ့လိုညတွေ လွန်ပါစေ မောင်မျိုးရေ။ လူတိုင်း ခံစားဖူးတဲ့ ညမျိုးတွေ ပါပဲ။

    (ဘ၀ကို ပျော်ပျော်နဲ့  ပေါ့ပေါ့လေးပဲ ဖြတ်သန်းချင်သူ)

    ReplyDelete
  17. this contact form w3f28a8c71 fake louis vuitton replica bags philippines replica bags and shoes click here to find out more r5s13y3t56 replica bags in dubai replica bags forum replica gucci bags o8i64q9t05 replica bags philippines wholesale

    ReplyDelete