Tuesday, May 10, 2011
ရိုးရာနတ်
မြို့ကြီးပြကြီးတွေမှာတော့ ဒီဓလေ့က သိပ်ရှိမယ်မထင်ပါဘူး ကျနော်တို့ နယ်ဘက်တွေမှာတော့ ဒါမျိုးတွေ ရှိပါတယ် ။ ရိုးရာနတ်ကို ဘိုစဉ်ဘောင်ဆက် ကိုးကွယ်လာကြတာမျိုး ။ အဘ က ကရင်ဆိုတော့ မိသားစုမှာ သားအကြီးဆုံးဖြစ်တဲ့ အဘ က ရိုးရာနတ်ကို အမွေဆက်ခံကိုးကွယ်ရတယ် ။ ဒါပေမယ့် အဘက နည်းနည်းအေးတော့ သိပ်မသိပါဘူး ဘာတွေဘယ်လိုလုပ်ရတယ် ရက်တွေ ဘာတွေ အတိကျ မသိတော့ အိမ်မှာ အမေက ယောက်ခမတွေ မဆုံးခင် သေသေချာချာလေး မေးမြန်းထားပြီး ကိုးကွယ်ဖြစ်တယ် ။ ကျနော်က ဘာ ကရင်လည်း မသိပါဘူးး) အဲ့တာတော့ တော်တော် ညံ့တယ် ကရင်ဆိုရင် ကရင်ပဲမှတ်နေတာ စကော ကရင် ပိုးကရင် အများကြီးရှိပါသေးတယ်တဲ့ ။ ဒီတစ်ခါ ရွာပြန်မှ အဘကို သေချာမေးကြည့်ရတော့မယ် ။ကရင်သွေးသာပါတယ် ကရင်လိုလည်း တစ်လုံးမှမတက်ပါဘူး ဒါပေမယ့် အဘအမျိုးတွေရွာသွားရင် အားလုံးက ကရင်တွေကြီးပဲ စကားလေးတွေဝဲတဲတဲနဲ့ ကျနော်တို့ကို သိပ်အလိုလိုက်တာ ။
ကျနော်တို့နယ်မြို့လေးမှာလည်း မွန်ပြည်နယ်ပိုင်ပေမယ့် ကရင်တွေ အများကြီးပါ ။ ရွာက ဘုန်းကြီးကျောင်းမှာ ကရင်နှစ်သစ်ကူးမတိုင်ခင်ဆို ဒုံးယိမ်း အကတွေကကြတာပေါ့ အဲ့တုန်းက ကျနော့် အစ်ကို ၂ယောက်လုံး လူပျိုပေါက်လေးတွေ ၀င်တာနဲ့ ကကြတာ မှတ်မိသေးတယ် သိပ်မြူးတာပဲ သူ့ဆိုင်းသံက ရင်ကို တထိတ်ထိတ်နဲ့ ။ အစ်မတွေကိုတော့ ရည်းစားရမှာ စိုးလို့ အစ်ကိုတွေက ပေးမကပါဘူး အကတိုက်တဲ့ အချိန်က ညဘက်ဆိုတော့ စိတ်မချကြဘူး ။ အစ်ကိုတွေ အကတိုက်တဲ့အခါကျ ကျနော်က ဘေးနားကလေ လုံချည်လေး ခြုံပြီး ထိုင်ကြည့်တာ ဆောင်းတွင်းဆိုတော့ အေးတယ်လေ ။ ဒါပေမယ့် အဲ့ကရင် အကနဲ့ ဒိုးသံကြားရင် လူက ရင်ထဲမှာ နွေးနေတာပဲ ။
ဝါမ၀င်ခင်တော့ အဘ ဘက်ကနတ်ကို ကန်တော့ကြရပါတယ် ။ ကရင်နတ်စားတဲ့အကြောင်းလေး ကိုမြစ်ကျိုးအင်း ဆီမှတ်ဖတ်ဖူးလိုက်သေးတယ် ကျနော်တို့နဲ့တော့ မတူဘူး ။ကျနော်တို့မိသားစုမှာတော့ နတ်ကတော့တာ အကျဉ်းချုံးလေးပါပဲ ပိုက်ဆံမတတ်နိုင်တာလည်းပါတယ် ။ အိမ်မွေးကြက် ၂ကောင် အထီးတစ်ကောင် အမတစ်ကောင် ကို အကောင်လိုက်ပြုတ် ပြုတ်တဲ့ အခါမှာတော့ အဘက အငယ်လေးထဲကမြင်ဖူးခဲ့တာဆိုတော့ သူကိုယ်တိုင်လုပ်ပါတယ် အရင်ဆုံးကြက်ကို ရေနွေးဖျော အမွှေးနှုတ်ပြီးရင် အထဲကအတွင်း ကလီဇာတွေကိုထုတ် ပြီးတော့ ကလီဇာ တွေကို သတ်သတ် သန့်ပြီးပြုတ်ပါတယ် ။ အတွင်းပိုင်းတွေမရှိတော့တဲ့ ကြက်၂ကောင်ကိုတော့ အကောင်လိုက်ပြုတ်ပါတယ် ။ ညနေပိုင်းကျ တိုးတိုးတိတ်တိတ်ပေါ့ ။ ကိုယ့်အိမ်မှာ နတ်ကန်တော့တယ်ဆိုတာ ကိုယ့်မိသားစုနဲ့ အိမ်နီးနားချင်တွေလောက်ပဲ သိတာပါ။ နတ်ကန်တော့ရင်တော့ ဆေးပြင်းလိပ်ကြီးတွေ ၊ အမွှေးရည်နဲ့ သပြေခက်ဖျန်း ပြီးတော့ ငပိထောင်း တို့စရာ အစုံအလင် တောအရက် တစ်ပုလင်းနဲ့ အဲ့လောက်ပါပဲ ။
အတွင်းခန်းလေးထဲမှာ ပူဇော်ထားတဲ့ ဖယောင်းတိုင်မီးလေးနဲ့ အဘနဲ့ အမေက အရှေ့ဆုံး ပြီးတော့ ညီကိုမောင်နှမတွေ အားလုံး ကြီးစဉ်ငယ်လိုက်တန်းစီ ပြီးထိုင်ကြတယ် ။ လင်ပန်းအကြီးကြီးထဲ ထမင်းတွေထည့် ငပိထောင်း တို့စရာတွေထည့် ပြီးတော့ ကြက်၂ ကောင်ကို ဘေးတစ်ဖက်တစ်ချက်မှာထား အဲ့ဘန်းကြီးကို ကိုင်မြှောက်ပြီး အဘက ကရင်လိုဆုတောင်းပါတယ် ပြီးတော့ အမေ့အလှည့် အမေကတော့ စကားလည်းကြွယ် ဗမာလိုပဲ ဆိုတော့ အမေ့ရဲ့ ဆုတောင်းစကားလေးက ကောင်းမှကောင်း “ ကဲ...ဖထီးတို့ အမိုးတို့ရေ့ သားတော် သမီးတော်တွေ တင်မြှောက်တဲ့နေ၇ာမှာ လိုအပ်သည်များရှိသော် ဗွေမယူပါနှင့် သမီးတော်တို့ရဲ့ စီးပွားရေး ကျန်းမာရေး သားမီတွေကိုလည်း စောင့်ရှောက်တော်မူပါ ဖထီးတို့ အမိုးတို့ကို အပ်ပါတယ် ” အမေ့ရဲ့ ဆုတောင်း တိုင်တည်သံပါ ။အဲ့လင်ပန်းကြီးကိုလည်း ပျော်တယ် ကျေနပ်တယ်ဆိုရင် ကြွပါ အဓိဌာန် လုပ်ပြီးလည်း တစ်ယောက် တစ်လှည့်မကြပါတယ် ။
တောအရက်တစ်ခွက် ကိုလည်း မိသားစုဝင်တိုင်း တစ်ယောက်တစ်ခွက် သောက်ကြရတယ် ။ ပြီးရင် အိမ်ထောင်ဦးစီး အဘက မိသားစုဝင်တွေကို လင်ပန်းထဲက မြှောက်ထားတဲ့ထဲက တစ်ယောက်တစ်လုတ် ခွံကျွေး ကျနော့် အလှည့် ရောက်ခါနီးကျ အဘနားတိုးသွားပြီး တိုးတိုးလေး “ အဘ သားကို အသည်းခွံ့ အသည်းနော် ” နတ်ကန်တော့တဲ့ အခါကျ အသံတွေတိတ်ဆိတ် စကားလည်းမများရတော့ အစ်ကိုကြီးကလည်း ကျနော့်ကိုမဆူတော့ပါဘူး ။ သိပ်ချစ်ဖို့ကောင်းတဲ့ အဘကလည်း ကျနော်ကျေနပ်အောင် အသည်းတုံးကြီးခွံ့ကျွေးတာပေါ့ ကောင်းချက်ဗျား) ။
အားလုံးနတ်ကန်တော့လို့ ပြီးရင်တော့ အပြင်မှာ ထွက်စားကြတာပေါ့ ဧည့်သည်က နည်းနည်း တစ်ဝိုင်းသပ်သက် ကျနော်တို့မိသားစုက တစ်ဝိုင်း လင်ပန်းကြီး ထဲ နုအိနေအောင်ပြုတ်ထားတဲ့ကြက် အသားတွေနွှာ ကြက်ပြုတ်ရည်ထဲကိုတော့ အမေက ခေါက်ဆွဲတွေထည့်ပြုတ်ထားပေးမယ် ။မောင်နှမတွေ ချစ်ချစ်ခင်ခင်ဖြစ်အောင်တဲ့ ပန်းကန်ခွဲပြီး မစားကြရပါဘူး အဲ့လင်ပန်းကြီးထဲ ဟင်းရည်တွေလောင်းထည့် ငပိထောင်းတွေထည့် ကြက်သားဖက်တွေထည့် တို့စရာတွေထည့်ပြီး တစ်ပန်ကန်ထဲစားကြတာပေါ့ ရေးရင်နဲ့တောင် အပျော်တွေ ကူးပြီး လွမ်းလိုက်တား( ။ အသားဖတ်ကြီးပဲ ရွေးစားတဲ့ ကျနော့်ကို အစ်ကိုတွေ အစ်မတွေက စချင်တော့ ကျနော်က အသားဖတ်လေးထည့်မြှပ်ထားတဲ့ ထမင်းလုတ်လေးစားမလို့လုပ်တုန်း အစ်မ က“ ခလေး ..နင့်ကို အဘ ခေါ်နေတယ် ” အဲ့အချိန် ကိုယ်က လှည့်ကြည့်လိုက်ရင် အစ်ကိုငယ်က ကြက်သားဖတ်လေး ကောက်စားပြီး ငပိထောင်းတွေထည့်မြှုပ်ပစ်လိုက်တာ ငမ်းငမ်းနဲ့ စားထည့်ပစ်လိုက်တာ စပ်လိုက်တာဗျာ ။ဒီလိုညမျိုးမှာ မငိုလည်းမငိုရဲတော့ အမေ့ဆီပြေးလို့ “မျက်ရည်တွေဝဲ နှပ်ရည်တွေထွက်ပြီး “ အမေ့ စပ်တယ် စပ်တယ်ဆို ” ခြေထောက်ဆောင့်လို့ အမေ့ကို ဂျီကျပြီး ။
အစ်ကိုတွေ အစ်မတွေ ကြိတ်ရယ်ရင်တော့ အမေက သိပြီ “ နင်တို့ကလည်း ဒီလိုညမျိုး ခလေးကို မစနဲ့ဆို တော်တော့်ဟာတွေ ” ဂလဲ့စားပြန်ချေတာ သူတို့က အသားဖတ်လေး နွှာလိုက် ကျနော်က တီးလိုက်နဲ့ ဟင်းရည်က ပူပူ ငပိထောင်းက စပ်စပ် တောအရက်လေးတစ်ခွက်ကလည်း မော့ထားတော့ စားကောင်းလိုက်တဲ့ဖြစ်ချင်း ပွဲမသိမ်းခင် ကျနော်ကတော့ အမေ့ပေါင်ပေါ် အင်္ကျီချွတ်ကြီးနဲ့ တိုက်ပွဲကျသွားတဲ့ စစ်သူကြီးလို ခလော ခလော နဲ့ပေါ့း)။
အငယ်တုန်းက လိုတော့ အခုမဟုတ်တော့ပါဘူး အိမ်နဲ့ဝေးတဲ့သူတွေ အသက်တွေကြီးလာတော့ ကျနော်တို့လည်း အဝေးပျံငှက်တွေပေါ့ ၀ါမ၀င်ခင်တိုင်းတော့ အမေက ရိုးရာနတ် ကန်တော့မြဲပါ ရှိတဲ့ အနားက သားသမီးတွေ မြေးတွေနဲ့ပေါ့ ။အဲ့ဒီလင်ပန်းကြီးထဲက ငပိထောင်းတွေ ထည့်နယ်ထားတဲ့ မိသားစု ထမင်းဝိုင်းကြီးကို ကျနော် တစ်ခေါက်လောက်တော့ ပြန်ပြီး မြိန်ရှက်ချင်ပါသေးတယ် ။
20 comments:
  1. သတိထားတဲ့ကြားက မှားရက်လေခြင်းပေါ့..း)).. ဒါနဲ့ ဖောင်းတိုင်ဆိုတာဘာလဲကွ.. ငါမသိဘူး....
    ReplyDelete
  2. ဖယောင်းတိုင်ကိုပြောတာ လဒရဲ့ ငါစာလုံးပေါင်းမှားတာကို ခဏခဏ လာပြောနေတယ် မင်းပြောလို့ ငါ့မှာ မျက်စိတွေစပ်ပြီး သေချာ ပြူးပြဲပြန်စစ်ထား၇တာ မှားရင် မှားတယ်မှတ် ငါစောင်းရင် မင်းတည့်လိုက် ငါမှားရင် မင်းမှန်လိုက်ပေါ့ ငပြောင်လေးရယ်း)))
    ReplyDelete
  3. စော(အဝါရောင်မြေ)May 10, 2011 at 2:12 PM
    တလိုင်း က မွန်လား၊ ကရင်လား?
    တလိုင်းနတ်လို့ ပြောတာပဲ။ နံကရိုင်းမယ်တော်ဆိုလား၊ ကျွဲးချို ခေါင်းဆောင်နဲ့ဟာတော့ သူများတင်တာမြင်ဘူးတယ်။ မုန့် ဆန်းလဲပါတယ် သူတို့ တင်တာ။
    ReplyDelete
  4. စားချင်လာပြီ ကိုမျိုးပြောတဲ့ ထမင်းဝိုင်းကြိးကို မြင်ယောင်မိရင်း..:):):)
    ReplyDelete
  5. I sat among ur childhood family circle n ate boiled chicken,rice n pounded ngapi(shuu shel)2 cos of chili:P....delicious:))
    Gyidaw
    ReplyDelete
  6. ကရင်ထဲမှာတော့ ပိုးကရင်ကို အကြိုက်ဆုံးပဲ . . .ဘာလို့လဲတော့ မမေးနဲ့ သိဘူး။ နာမည်လေးကို ကြိုက်လို့ . . . ပိုးလို့ ရတဲ့ ကရင်လားလို့လေ။ ဒါနဲ့ စကား မစပ် . . . ကျနော့် ချစ်သဲကလည်း ကရင်ပဲ . . ဟဲဟဲ. .
    ReplyDelete
  7. နင်က စကောစကပိုးထတဲ့ကရင်လေ....:))) သိဘူးလား..။
    ဒါနဲ့ ကရင်လူမျိုးက အဖေကို ဖထီး၊အမေကိုအမိုးလို့ခေါ်ကြ
    တာပါ...၊ဘာလို့ နင့်ကျမှ အမေကို အမေး လို့ခေါ်ရလဲဟင်..
    မသိလို့နော်....:D
    ReplyDelete
  8. လက်ရည်တပြင်တည်း စားကြတဲ့ ထမင်းဝိုင်းထဲကို တော့ ဝင်တိုးချင်လာပြီ..၊ ကျနော့်အတွက် အသားမလို ပါဘူး၊ ဟင်းရည်နဲ့ ငါးပိထောင်းနဲ့တင် ဖြစ်တယ်၊ အာခေါင်တွေ စိုစွတ်လာအောင်လည်း ညီက ဖွဲ့တတ် တာပဲ..။း)
    ReplyDelete
  9. စိတ်တော်တော် နားနေပြီနော်။ ကောမန့်ရေးတာ သုံးခါရှိပြီ တစ်ခုမှ မတက်ဘူး။ အခုလည်း စမ်းတာ။
    ReplyDelete
  10. ဒါကျတော့ တက်သွားတယ်။ တော်တော် တင်းဖို့ကောင်းတယ်။ ကောမန့်အရှည်ကြီး ရေးထားတာ သုံးခါစလုံး ပျောက်သွားတယ်။ စိတ်နာတယ်။ အခုလည်း မကျေနပ်သေးဘူး ပြန်ရေးအုံးမယ်။
    နတ်စားတာကို အရင်ကလည်း မြစ်ကျိုးအင်း ဆီမှာ ဖတ်ဖူးတယ်။
    ကျနော်က စကောကရင်စပ်တယ်ဗျ။ မြစ်ဝကျွန်းပေါ်က ကရင်ပေါ့။ အခုတော့ ကရင်တောထဲမှာ ရောက်နေပါပြီ။
    ရိုးရာလိုက်လို့လို့ နတ်စားရမယ်လို့ ကြားဖူးပင်မဲ့
    အဖေက တစ်ခါမှ မလုပ်ဘူး။သူက အယုံအကြည်လည်း
    မရှိဘူးဗျ။
    မောင်မျိုးနဲ့ ကျနော်နဲ့တူတာ တစ်ခုက ကျနော်လည်း ကရင်စကား
    တစ်လုံးမှ မသိဘူး။ အဖေက ကိုယ်တိုင်တော့ ပြောတက်တယ်
    ကျနော်တို့ကိုကတော့ မသင်ပေးဘူး။
    အဖေဘက်က အဖွားဆို မြန်မာလို လုံးဝမတက်ဘူး။
    ရိုးရာနတ်ဆိုတာ သားဦးတွေကို လိုက်တယ်လို့ ကြားဖူးထားတော့ အမေ့ကို ပြောထားရတယ်။
    ကျနော်အကိုက ဆုံးသွားတော့ ရိုးရာလည်း သူနဲ့ပါသွားပြီလို့ ပြောထားတယ်။
    ကျနော်က အဖေ့သွေးပါတယ်။ မယုံဘူး။ ဒါပင်မဲ့ မစော်ကားဘူး။
    ဘာရယ်တော့ မဟုတ်ပါဘူး။ ကြုံတုန်း စကားဝင်ပြောတာ။
    ခင်တဲ့ ရီနိုမာန်
    ReplyDelete
  11. ဦးရီနိုမန်လဲ ကရင်သွေးပါတယ်ဆိုလို့ ၀င်အမျိုးစပ်ဦးမယ်.. ကျွန်တော်လဲ မြစ်ဝကျွန်းပေါ်သား အမေဘက် အဖိုးက ကုလား။ အဖေဘက် အဖိုးက ကရင်။ ကရင်မတတ် ကုလားမတတ်နဲ့ မြန်မာလိုတော့ မွှတ်သဗျ.... ။ ကရင်ဖြစ်ရင်လည်း မောင်မျိုးနဲ့ လက်ရေ တစ်ပြင်တည်း မစားဘူး။ အသားဖတ်ကျ ဒီကောင်စားတယ်.. ငါးပိထောင်းစားပြီး စပ်လို့ကျတဲ့ နှပ်တွေကျတော့ ငါစားမယ့် ပန်းကန်ထဲမှာ.. အဲဒါကြောင့် ဒင်းပိန်နေတာ...
    ReplyDelete
  12. ကိုမောင်မျိုးရေ။ ကျွန်တော်လည်း ဘာကရင်မှန်း မသိဘူးခင်ဗျာ။ အဖေ က ကရင်သွေးပါတာပဲ သိတယ်။ အမျိုးတွေဆီလည်း မသွားတော့ ကျွန်တော် အဲဒါတွေ မသိပါဘူး။ ကြားတော့ ကြားဖူးတယ်ဗျ။ မိသားစု ထမင်းဝိုင်းလေး စားခွင့်ကို အစ်ကိုရော ကျွန်တော်ပါ ကြုံပါစေဗျာ။
    ReplyDelete
  13. ဟား ဒီပိုစ့်ဖတ်မှဘဲ ကရင်တွေ အတော်များပါလား
    ဒါပေမဲ့ တို့လိုဘဲ ရှမ်းဖြစ်ပြီး ရှမ်းစကားတစ်လုံးမှ မတတ်သလို ကရင်ဖြစ်ပြီး ကရင်စကားမတတ်သူတွေး)
    မောင်မျိုးရဲ့ ရိုးရာနတ်တင်တဲ့ ဓလေ့ကလည်း တစ်မျိုးစိတ်ဝင်စားဖို့ ကောင်းတယ် ပြီးတော့ ပျော်စရာကြီး
    တို့တွေလည်း အဖေဘက်က ရိုးရာနတ်တွေ ရှိတယ်။
    ဒါပေမဲ့ အိမ်မှာ သိပ်မနေတော့ အဲဒီဓလေ့တွေကို ခပ်မေ့မေ့ဖြစ်နေတယ်
    ဘာဘဲဖြစ်ဖြစ် သူ့ဓလေ့ကိုယ့်ဓလေ့ အားလုံးဟာ တစ်မျိုးစီ စိတ်ဝင်စားစရာပါ
    ReplyDelete
  14. ကိုယ်ချင်းစာပါတယ်ဟယ် .. ငါတို့အားလုံးက မိသားစုထမင်းဝိုင်းကို တမ်းတနေကြတာချင်းတူပါတယ် .. အဲ ပြန်ရောက်ပြန်တော့လည်း မတည့်ပြန်ဘူး .. နီးတဂျက်ဂျက် ဝေးတသက်သက်း))
    နင်တို့ မိသားစုလေး အကြောင်းဖတ်လိုက်ရင် အပျော်တွေ ကူးကူးသွားတယ် ..
    ပျော်ရွှင် အဆင်ပြေပါစေဟယ် ..း)
    ReplyDelete
  15. ဟန်ကြည်May 14, 2011 at 8:48 AM
    ကြက်သားတော့ ကြိုက်ကြိုက်...တောအရက်တော့ ကြောက်ကြောက် မောင်မျိုးရေ...
    ReplyDelete
  16. ဟိုနေ့ထဲက ဖတ်ပြီးသွားတာ။ အချိန်မရလို့ ပြန်လစ်သွားရတယ်။
    နတ်စားတယ်ဆိုပေမယ့် ကိုယ်စားတာပဲလို့ မှတ်ယူပါတယ်။ ကြက်နဲ့ကန်တော့ရတာ ဆိုတော့ အကုန်အကျ ပိုသက်သာတာပေါ့။
    တောအရက် တခွက်သောက်ရတာတော့ ကျနော်တို့ နတ်စားတဲ့ ဓလေ့နဲ့ မတူဘူး။
    ReplyDelete
  17. စော.. ကျနော်ထင်တာ တလိုင်းနတ်က ဗမာနတ်ပါပဲ ကျနော့် အမေလည်းကိုယ်ပါတယ် ။
    အိဂျယ်...ဟုတ်ကဲ့ဗျ ။
    ကြီးတော်...တကယ်စားချင်တာလား ထောင်းကျွေးချင်တယ် ငပိး)
    ကိုဇော်... ကြွားပြန်ပြီ ချစ်သဲ ရှိကြောင်း ။
    ကိုညိမ်း... စာလုံးပေါင်းမှားတာ ခဏခဏ မထောက်ပါနဲ့လားဗျာ ကျနော် သိပ်မကြိုက်ဘူးး(
    ကိုညီ... အေးဗျာ အစ်ကို့ကို အခွင့်ရှိရင် ရွာမှာ ထမင်းတနပ်တော့ ဖိတ်ကျွေးချင်စမ်းပါဘိ ။
    ကိုရီနို... ဟုတ်ကဲ့ဗျ တကူးတက လာမန့်သွားပေးတာ ကျေးဇူး အထူး နတ်ကတော့ မယုံလို့လည်းမရဘူးလေ ကျနော်တို့ နယ်ဘက်တွေတော့ ယုံကြတယ်ဗျ အဘရွာမှာဆို နတ်စားတာကို ကြီး၂ကျယ်၂လုပ်ကြတာ ။
    မိုးယံ... နင်က နှပ်ပဲစားချင်နေတာကိုးး) ငါ ပိန်တာ လှတယ် နင်ဝတာ မလှဘူး ။
    ခနွဲ.... မင်းလည်း မေးရိုးကားကားနဲ့ ကရင်ရုပ်နည်းနည်းပေါက်တယ်နော် ။ အမျိုးတွေဆီမှာ တစ်ခါလောက် ၀င်နွှဲကြည့် ညီ သိပ်ပျော်စရာကောင်းတာ ။
    မချော... ဟုတ်တယ်ဗျ ခုမှပဲ အမျိုးတွေတွေ့တော့တယ်း) ရှေးထုံးလည်းမပယ်ကောင်းဘူးလေနော့် ။
    မိုးခါး.. နင်ကော ငပိထောင်းကြိုက်လား အိမ်ထမင်းစားဖိတ်ရအောင် ။
    ဦးဟန်ကြည်... တအားမူးလို့လား ဆြာ ။
    ကိုမြစ်...ဟုတ်ကဲ့ သိပ်တော့မတူဘူးနော့် ။
    ReplyDelete
  18. အသိ ဗဟုသုတလည်းရတယ်။ ပြုံးစရာ ကြည်နူးစရာလေးတွေလည်းပါတယ်။ ပျော်ရွှင်မှု မင်္ဂလာတွေနဲ့ ပြည့်နေတဲ့ စာကောင်းလေး တစ်ပုဒ်ပါ။
    ခင်လျက်
    မြတ်
    ReplyDelete