Friday, January 28, 2011
မှတ်စုစာအုပ်
မှတ်စု စာအုပ်အပြာရောင်လေးတစ်အုပ် ၀ယ်ထားဖြစ်တယ် ။ ဒိုင်ရာရီရေးရအောင်ကလည်း ကိုယ့်အကြောင်းနဲ့ ကိုယ့်ရဲ့နေ့စဉ်ဖြတ်သန်းမှုတွေက စိတ်ဝင်စားစရာမကောင်းလှပါဘူး ဒါကြောင့်မရေးဖြစ် ။ တစ်ချို့တွေရဲ့ မွေးနေ့ ပြီးတော့ ဖုန်းနံပါတ် အနည်းငယ်နဲ့ ဖတ်ဖူးသမျှစာအုပ်တွေထဲက ကြိုက်နှစ်သက်တဲ့စာကြောင်းလေးတွေကို ကူးထားဖြစ်တယ် ။ အခု ကျနော့်စာမျက်နှာလေးမှာ အမှတ်တရသိမ်းရင် ဖတ်ဖူးသမျှတွေကို သူငယ်ချင်းတွေကို ပြန်ဝေမျှချင်လို့ပါ ။
ချစ်စံဝင် ဘာသာပြန်ထားတဲ့ အမေ နဲ့ အမေ့အကြောင်းဆိုတဲ့စာအုပ်ထဲက ကူးထားမိတဲ့ စာလေးတွေက ....
၁။
မြင့်မြတ်ကြီးမားသောကြာင်နာခြင်းတရားသည်
မိခင်တို့၏ ထာဝစဉ်တည်ရှိမြဲဖြစ်သော တုနှိုင်းမရသည့်
ဂုဏ်တစ်ခုဖြစ်သည် ။
(အမေရိကန်ဘုန်းတော်ကြီးတစ်ပါး )
၂။
သဘာဝတရားက ချစ်ခင်မှု ပြယုဂ်အဖြစ်
မိခင်များကို စေလွှတ်ထားသည်
( အက်ဒ၀စ် - အင်္ဂလန် စာရေးဆရာမကြီး)
၃။
တေးကဗျာတို့အနက် အမေ့အကြောင်း သီဖွဲ့သော
တေးကဗျာတို့သည် အသာယာဆုံးဖြစ်သည် ။
(အဂ္ဂါအယ်လင်ပိုး )
ဒီအောက်က စာတိုလေးကတော့ ကျနော် အရမ်းကြိုက်လို့ ပျောက်သွားတယ်ဆိုပြီး အပိုင်သိမ်းလိုက်မိတဲ့ ဆရာမောင်လှမျိုး(ချင်းချောင်းခြံ ) ရဲ့ အလွမ်းလက်တစ်ဆစ် ဆိုတဲ့ ၀တ္ထုထဲက စကားပြောလေးပါ။
“ဘယ်တော့မှမမေ့ဘူးဆိုတဲ့ ဝေါဟာရက ပျော်ရွှင်ကြည်နူးစရာတွေအတွက်ပဲကောင်းတယ် ။ တစ်ခြား အနိဌာရုံကိစ္စမျိုးတွေအတွက်တော့ ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ စကားက ဘယ်တော့မှမကောင်းဘူး ။ ဘယ်တော့မှမမေ့ဘူး သူငယ်ချင်းရယ် ဆိုတဲ့ လွမ်းစရာတွေပဲ ကောင်းတယ် ဘယ်တော့မှမမေ့ဘူးဆိုတဲ့ နာကျင်စရာမျိုးက ဘယ်တော့မှ ဘယ်သူ့အတွက်မှမကောင်းဘူး ”။
ဘယ်စာအုပ်ကဖတ်မိပြီး ဘယ်သူရေးထားတာလဲ မမှတ်မိတော့ဘူး ဒါပေမယ့် ကောင်းလို့ ကျနော်ကူးထားမိတဲ့ ကဗျာတိုလေးတစ်ပုဒ်က...
“ဘ၀ကွမ်းယာ ”
ဆန္ဒဆိုတဲ့ မျက်လုံးစိမ်းစိမ်းတွေက
တောမီလို တောက်လောင်နေကြ
အမိုးမလုံတဲ့အိမ်
နာတာရှည်မေမေ
မောင်လေးရဲ့ ကျောင်းစာအုပ်ဖိုး
ချိန်စက်မနေတော့ပါဘူး
ဘ၀ကို ကွမ်းယာထဲထည့်ပြီး ယာပေးလိုက်တယ်
ဝါးလိုက်ထွေးလိုက်ကြတာများ
ခေါင်းက စံပယ်ပွင့်တွေ ကြွေသွားပြီး ။
ဆရာ ဥတ္တရာမောင် ရဲ့ ကဗျာလေးက ဒီလို
“မောင်နှမ”
သိပ်ချစ်လွန်းလို့
အမေက တစ်မှတ်ပေးရင်တောင်
သုံးဆယ့်ကိုးမှတ်လိုနေသေးတဲ့
သားသမီးအတုကြီးတွေပါ ။
(ကျနော့်ကို တိုက်ရိုက်ပြောနေသလိုပါပဲ )
ကဗျာဆရာ ကွန်စစ်ကောင်း မှ မောင်ပြည့်မင်း သို့ 
အသက်ရှင်နေထိုင်ခြင်းဆိုတာ ဘာလဲ
တာယာကျွတ် မကောင်းတဲ့ စက်ဘီးစုတ်ကိုနင်းနေရသလိုပဲ
အကြိမ်ကြိမ် ဆူးစူး အကြိမ်ကြိမ်ပြန်ဖာ
အကြိမ်ကြိမ် ဂရုစိုက်နင်းနေရ
သေခြင်းဆိုတာ ဘာလဲ
သီချင်းဆိုကောင်းတုန်း ဂစ်တာကြိုးပြတ်သွားမှာ
စိုးရိမ်နေရသလိုပဲ .....။
နောက်တစ်ပုဒ်ကတော့ ကျနော် သူ့ကဗျာတွေဖတ်ရတာ နောက်ကျလိုက်လေခြင်းလို့ အတွေးတောင် ၀င်သွားမိတဲ့ ကဗျာဆရာ မိုးလ်ဇော်ရဲ့ ကဗျာတစ်ပုဒ်ပါ ။
စစ်ပွဲအငယ်
ငါ့ဂရုဏာကို ချောကလက်လို ငုံထားပါ
ငါ့မေတ္တာကို သကြားလုံးလို ၀ါးစားပါ
မင်းနဲ့ငါကြား
ပေါင်းကူးတံတားဟာ
နို်င်ငံကူးလက်မှတ် နဲ့ ပြည်ဝင်ခွင့်ဗီဇာမလိုတဲ့
အပြည်ပြည်ဆိုင်ရာ ကိုယ်ချင်းစာတရားဖြစ်တယ် ။
အရင်က ကဗျာဆိုရင် ဘာမှန်းမသိဘူး ပြောချင်တာတွေကို ကွယ်ဝှက်ထားတယ်လို့ထင်မိတဲ့ ကျနော့်ကို ကဗျာရဲ့ အရသာကို ခံစားတတ်လာအောင် ကဗျာပိုးတွေနဲ့ ပြုစားပေးခဲ့တဲ့ ကဗျာဆရာ ၂ ယောက်ဖြစ်တဲ့ ကိုညိမ်းညို နဲ့ ကိုတင့် ကို ကျေးဇူးအများကြီးတင်မိပါတယ် ဘာကြောင့်ဆို ဘလော့ဆိုတာနဲ့ ထိတွေ့မှပဲ ကျနော်သူတို့ရဲ့ ကဗျာတွေ စဖတ်ဖူးလို့ပါ ။
8 comments:
  1. ဒီစာအုပ်ထဲမှာ မှတ်ထားခြင်းငှာ
    မထိုက်တန်တဲ့ ဖုံးနံပါတ်တစ်ခုအနေနဲ့ ဝင်ဖတ်သွားပါတယ်
    ReplyDelete
  2. သိပ်ကောင်းတဲ့ကဗျာလေးတွေနော်....။
    အင်း...စာအုပ်ထဲမှာ ရေးမှတ်တတ်တဲ့အကျင့်ရှိတဲ့သူတွေ
    များတယ်ကောင်း.....၊ရေးစရာခန်းခြောက်နေရင် ခုလိုမျိုး
    ဆားလေးဘာလေးချက်လို့ရတယ်.....ဟိ....:)
    (စတာနော်.....ညီမျိုး.....:))))
    ReplyDelete
  3. အဲသလို အတိုအစလေးတွေ စုသိမ်းထားရတာ အစ်မလည်း ၀ါသနာပါတယ်။
    ဝေမျှတာ ကျေးဇူးတင်ပါတယ်။
    ReplyDelete
  4. တေးကဗျာတို့အနက် အမေ့အကြောင်း သီဖွဲ့သော
    တေးကဗျာတို့သည် အသာယာဆုံးဖြစ်သည် ။
    (အဂ္ဂါအယ်လင်ပိုး )
    အဲဒါလေး သိပ်ကြိုက်တယ်
    ဆရာမောင်လှမျိုးရဲ့ စာသားလေးတွေ ကြိုက်တယ်
    ပြန်လည်ဝေမျှပေးတာ ကျေးဇူး
    ReplyDelete
  5. မောင်နှမကို အတော်ကြိုက်တယ်.. :P
    ReplyDelete
  6. အမလဲ ငယ်ငယ်က ကိုယ်ကြိုက်တဲ့ ကဗျာလေးတွေ ကူးရေးပြီး ခဏခဏ ပြန်ဖတ်တတ်တယ်။
    နောက်တော့ အလွတ်ရသွားရော ... ။
    ကဗျာဆိုရင် များသောအားဖြင့် သဘောကျတာချည်းပါပဲ။
    ReplyDelete
  7. မြောင်မျိုးရေ... ညဉ်းနဲ့ ကျုပ်က ဖအေမတူ အမေကွဲ ညီအစ်မတွေပါအေ... ငါလဲ ညည်းလိုပါပဲ။ ကူးမှတ်ထားတဲ့ စာတွေ အများသား.. ငါက သန့်ရှင်းတော့ စာအုပ်လက်စဖျောက်တာမျိုးတော့ မညစ်ဘူးပေါ့.. .အဟတ်ဟတ်... နင်သိမ်းထားပေးတဲ့ ဒီကဗျာလေးအတွက် ငါကျေးဇူးတင်တယ်အေ.. ဘာတဲ့။
    “ဘ၀ကွမ်းယာ ”
    ဆန္ဒဆိုတဲ့ မျက်လုံးစိမ်းစိမ်းတွေက
    တောမီလို တောက်လောင်နေကြ
    အမိုးမလုံတဲ့အိမ်
    နာတာရှည်မေမေ
    မောင်လေးရဲ့ ကျောင်းစာအုပ်ဖိုး
    ချိန်စက်မနေတော့ပါဘူး
    ဘ၀ကို ကွမ်းယာထဲထည့်ပြီး ယာပေးလိုက်တယ်
    ခေါင်းက စံပယ်ပွင့်တွေ ကြွေသွားပြီး ။
    ကောင်းလိုက်တဲ့ အခင်းအကျင်း... လုံမေတို့ဘ၀ ဆန်ရေစီးတယ် ထင်ပ။
    ReplyDelete
  8. မိုဃ်းဇော်ရဲ့ ကဗျာတွေကို အရမ်းကြိုက်တယ်ဗျ၊ ကျနော်လည်း နောက်ကျမှ သူ့ကို သိရတာ...၊
    မျှဝေတာ ကျေးဇူးပါ မောင်မျိုးရေ...။
    ReplyDelete